၂၀-၂၁ ဇူလိုင်၊ ၂၀၂၁
မြန်မာပြည်အတွင်းကိုဗစ်ကူးစပ်မှုများသည် ပြင်းထန်လာပြီး နယ်နိမိတ်ချင်းဆက်စပ်နေသော တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ရောဂါ ကူးစက်မှုနှုန်း ၃ ဆကျော် အထိမြင့်တက်လာနေကြောင်း တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။ DVB ဖော်ပြချက်အရ ဇူလိုင် ၁၉ ရက်နေ့က တရုတ်နယ်စပ်မြို့တွင် ပိုးကူးစက်ခံရသူ ၄၉ အနက် ၄၁ ဦးမှာ မြန်မာနိုင်ငံကနေပြန်လာသော တရုတ်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။ NCA စာချုပ်လက်မှတ်ရေးထိုးထားသော ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးသည် ဇူလိုင်လ ၂၁ ရက် မနက်က မင်္ဂလာဒုံ စစ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသွားကြောင်း Khit Thit Media က ဖော်ပြထားသည်။
စစ်ကောင်စီလက်အောက်ရှိ ရဲဝန်ထမ်း ၁၀,၀၀၀ ကျော်ခန့်သည်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း တာဝန်ထမ်းဆောင်နေသော ရဲအရာရှိကြီးတစ်ဦးက DVB ကို ပြောဆိုခဲ့သည်။ ရခိုင်ပြည်နယ်မှတစ်ဆင့် ရှမ်းပြည်နယ်သို့ တာဝန်ပြောင်းရွေ့လာသော ရဲ ၁၂၄ ဦးတွင်လည်း ကိုဗစ်ရောဂါတွေ့ရှိကြောင်း Shwe Phee Myay News Agency က ဖော်ပြထားသည်။
ဖမ်းဆီးခံရစဥ် ကိုဗစ်ကူးစက်ခံရပြီး ဇူလိုင်လ ၂၀ ရက်နေ့က သေဆုံးသွားသော NLD ဗဟိုအလုပ်အမှုဆောင်ဦးဉာဏ်ဝင်းအတွက် CRPH က ဝမ်းနည်းကြောင်းသဝဏ်လွှာကို ထုတ်ပြန်ခဲ့ရာတွင် စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ပျက်ကွက်နေကြောင်း ပျက်ကွက်မှုအတွက် တာဝန်အပြည့်ယူရမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။
စစ်ကောင်စီထိန်းချုပ်ထားသော ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးက မြန်မာနိုင်ငံသို့ သြဂုတ်လအတွင်း ကာကွယ်ဆေးအလုံးရေ ခြောက်သန်းခန့်ရောက်ရှိရန်ရှိပြီး ၎င်းတို့အနေဖြင့် လူ ၁၆ သန်းခန့်အထိ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ မျှော်မှန်းထားပြီး မျှော်မှန်မှန်းထားကြောင်း RFA ကို ပြောဆိုခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) က သယ်ဆောင်လာသော အထောက်အပံ့ပစ္စည်းများအား စစ်ကောင်စီက မင်းတပ်မြို့ပေါ် ရှိစစ်ရှောင်စခန်းများအတွက်သာ ခွင့်ပြုမည်ဖြစ်ပြီး ကျေးရွာနှင့် တောတွင်းရှိစစ်ဘေးရှောင်များအတွက် ပို့ဆောင်ခွင့်မပြုကြောင်း Mizzima က ဖော်ပြထားသည်။ မြို့ပေါ်တွင် အိမ်ထောင်စုက ၅၀ ခန့်သာရှိပြီး တောထဲတွင် စစ်ဘေးရှောင်ထောင်နှင့်ချီရှိနေခြင်းဖြစ်သည်။ CDF-Mindat နှင့် စစ်ကောင်စီတပ်များ အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုသည် ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ ပျက်ပြယ်ပြီးနောက် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်းအဖွဲ့ က ဖော်ပြထားသည်။ မင်းတပ်မြို့နယ်အတွင်းတွင် တပ်ရင်း (၆) ရင်းအထိ လှုပ်ရှားနေကြောင်းလည်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် မူးယစ်ဆေးဝါးအမှုအချို့နှင့် ပြည့်တန်ဆာအမှုများအပါအဝင် ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်ခင်က တရားရုံးတွင် စွဲဆိုထားသောအမှုအချို့ကို ပိတ်သိမ်းလိုက်ပြီး တရားခံများအား အချုပ်မှလွှတ်ပေးရန် စစ်ကောင်စီ၏ ဇူလိုင်လ ၂၁ ရက်နေ့က ကြေညာလိုက်သည်။ သို့သော် တစ်ဖက်တွင် NLD ပါတီဝင်များ ဆန္ဒပြသူများနှင့် CDM ဝန်ထမ်းများအား ဖမ်းဆီးခြင်းများအား စစ်ကောင်စီက ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ဝေဖန်မှုများ မြင့်တက်နေသည်။



Comments
Post a Comment