၂၂-၂၃ ဇူလိုင်၊ ၂၀၂၁

 

ဇူလိုင် ၂၃ ရက် နံနက် ၇ နာရီခန့်က အင်းစိန်ထောင်အတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြမှုနှင့် ကြွေးကြော်သံများပြိုင်တူသီဆိုသည့် ဗွီဒီယိုများ ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။ အဆိုပါ ဆန္ဒပြမှုသည် အမျိုးသမီးအကျဥ်းထောင်ဖက်မှ စတင်ခြင်းဖြစ်ပြီး ထောင်တစ်ခုလုံးသို့ ပြန့်နှံ့သွားခြင်းဖြစ်ကြောင်း ဆန္ဒပြမှုတွင် ထောင်ဝန်ထမ်းတစ်ချို့လည်းပါဝင်ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြကြသည်။ နိုင်ငံရေးအကျဥ်းသားများအားလွတ်ပေးရန် ကိုဗစ်ရောဂါခံစားနေရမှုများအား ကောင်းမွန်စွာကုသမှုပြလုပ်ပေးရန်နှင့် ထောင်အတွင်းအဆမတန်တင်းကြပ်ထားသော စည်းကမ်းများအား ဖြေလျော့ပေးရန် စသည့် အချက် ၃ ချက်အား တောင်းဆိုခြင်းဖြစ်ကြောင်း Mizzima က ဖော်ပြထားသည်။ ဆန္ဒပြအားဖြိုခွင်းမှုကြောင်း အမျိုးသား ၇ ဦးသေဆုံးကြောင်း သတင်းများလည်း ထွက်ပေါ်နေပါသည်။  

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အကျဥ်းသားများအား နှိပ်စက်သတ်ဖြတ်မှုများဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း အင်းစိန်ထောင်အတွင်း ၁၉၉၁ နှင့် ၂၀၁၁ ခုနှစ်များတွင် အစာငတ်ခံဆန္ဒပြမှုများဖြစ်ပွားခဲ့ကြောင်း ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားသော ဆန္ဒပြမှုသည် နှိမ်နှင်းခံရသဖြင့် အကျဥ်းသား ၃၀ ကျော်ခန့်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန် ဩစတေးလျ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက အင်းစိန်ထောင်အတွင်း ဆန္ဒပြမှုကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းရန် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာပြည်မြောက်ပိုင်းတွင် အခြေစိုက်သော တော်လှန်ရေးတပ်ဖွဲ့များအား ကိုဗစ်ကာကွယ်ဆေးများ ပေးအပ်နေကြောင်း Burma Associated Press က ဖော်ပြထားသည်။ SSPP/SSA က ၎င်း၏ ထိန်းချုပ်ထားသောနယ်မြေများတွင် လူပေါင်း ၅ သိန်းခန့်အား ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်ရန်ရည်မှန်းထားကြောင်း KIA နယ်မြေတွင် လူဦးရေ ၃ သိန်းခွဲအတွက် ထိုးနှံပေးရန်ပြင်ဆင်ထားကြောင်း ဖော်ပြထားသည်။ ထို့အပြင် UWSA က ၎င်း၏နယ်မြေတွင် လူ ၄ သိန်းခွဲခန့်အား ဆေးထိုးပေးထားကြောင်း NDAA ကလည်း လူဦးရေ ၁ သိန်းခွဲအတွက် ကာကွယ်ဆေးထိုးနှံနေပြီဖြစ်ကြောင်း သိရသည်။ 

မန္တလေးတိုင်း မြင်းခြံမြို့စက်မှုဇုန်တွင် စစ်ကောင်စီနှင့်ပူးပေါင်းမှုမရှိဟုစွပ်စွဲပြီး ပြည်သူများအား အောက်ဆီဂျင်ဖြည့်ပေးနေသော ကားဝပ်ရှော့ပိုင်ရှင်အပါအဝင် လူ ငါးယောက်အား စစ်ကောင်စီက ဇူလိုင် ၂၁ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း RFA က ဖော်ပြထားသည်။ Special Advisory Council for Myanmar က မြန်မာပြည်အတွက် နိုင်ငံတကာအနေဖြင့် NUG နှင့် အသစ်ဖွဲ့စည်းလိုက်သော တိုင်းရင်းသားကျန်းမာရေးအဖွဲ့ Ethnic Health Organisation COVID Task Force တို့မှတစ်ဆင့် နယ်စပ်ဖြတ်ကျော်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်ရန်လိုအပ်နေပီဖြစ်ကြောင်း တောင်းဆိုလိုက်သည်။

ဆေးရုံများတွင် ဆရာဝန်များမလောက်ငှမှုများဖြစ်ပေါ်လျက်ရှိရာ CDM ဆရာဝန်များ ဆေးရုံကိုပြန်လာကြရန် စစ်ကောင်စီခေါင်းဆောင်က ဇူလိုင်လ ၂၃ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော အစည်းအဝေးပွဲ မေတ္တာရပ်ခံလိုက်သည်။ ထို့အပြင် “ကိုဗစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကူးစက်ဖြစ်ပွားမှုတို့တွင် လူသေဆုံးမှု ၂% ကျော်ခန့်သာရှိခဲ့ပြီး လက်ရှိဖြစ်ပွားလျက်ရှိသည့် တတိယလှိုင်းတွင် ၂ ဒသမ ၃၄၆ % မျှသာ ရှိသည်ကို တွေ့ရပါကြောင်း” ၎င်းက ပြောဆိုခဲ့သည်။ အဆိုပါပြောဆိုချက်သည် လိမ်လည်မှုသာဖြစ်ကြောင်း စစ်ကောင်စီအနေဖြင့် မြေပြင်တွင် အမှန်တကယ်ဖြစ်ပျက်နေမှုများအား စာရင်းကောက်နိုင်စွမ်းမရှိကြောင်း ဝေဖန်နေကြသည်။

NUG အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် နယူးဇီလန်အစိုးရက အသိအမှတ်ပြုနိုင်ရေးအတွက် လက်မှတ် ၁ သိန်း စုဆောင်းနေကြောင်း Democracy for Myanmar အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၉ ရက်နေ့မှစ၍ သြဂုတ်လ ၉ရက်နေ့အထိ နယူးဇီလန်ပါလီမန် အင်တာနက်စာမျက်နှာတွင် https://www.parliament.nz/.../petition-of-democracy-for... ပါဝင်လက်မှတ်ရေးထိုးနိုင်ကြောင်း နှိုးဆော်ထားသည်။

‌စစ်အာဏာသိမ်းပြီးနောက် လူမှုရေးနှင့် စီးပွားရေမတည်ငြိမ်မှုများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ ဩစတြေးလျအခြေစိုက် Myanmar Metals ကုမ္ပဏီက ရင်းနှီးမြှုပ်နှံထားသည့် အမေရိကန်ဒေါ်လာသန်း ၃၀၀ တန် ဘော်တွင်းသတ္တုတူးဖော်ရေးစီမံကိန်းမှ နှုတ်ထွက်တော့မည်ဖြစ်ကြောင်း Reuters သတင်းဌာနက ဇူလိုင် ၂၁ နေ့ကဖော်ပြထားသည်။ အဆိုပါနေရာတွင် တရုတ်ကုမ္ပဏီတစ်ခုက အစားထိုးရင်းနှီးမြှပ်နှံ့ရန် ကြိုးပမ်းနေကြောင်း Khit Thit က ဖော်ပြထားသည်။

Comments

Popular Posts