၂၄-၂၅ ဇူလိုင်၊ ၂၀၂၁

 

မကွေးတိုင်းအတွင်းရှိ မြို့နယ် ၁၃ ခုမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား စုပေါင်းပြီး မကွေးတိုင်းဒေသကြီးတပ်မတော် (MDA) အဖြစ် ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင် ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ အခြားသောဒေသများကဲ့သို့ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ခုံခံကာကွယ်ရန်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောဆိုခဲ့သည်။

ဇူလိုင်လ ၂၄ ရက်နေ့က ချင်းပြည်နယ်ရှိ မင်းတပ်-မတူပီလမ်းပိုင်းတွင် CDF (Matupi) နှင့် စစ်ကောင်စီတပ်တို့ ပထမဦးဆုံးအကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတို့ဘက်က တစ်ဦးကျဆုံးသွားကြောင်း Chinland Defense Force Matupi က ဇူလိုင် ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ဇူလိုင်လ ၂၄ ရက်နေ့က တမူးမြို့အနီး တမူးမြို့လုံခြုံရေးအဖွဲ့ (TSG) နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီဘက်က ပျူစောထီးလက်နက်ကိုင်တဦးနှင့် မဏီပူကသည်းတဦးအပါအဝင် စုစုပေါင်း (၉) ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Tamu Security Group က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မကွေးတိုင်း တောင်တွင်းကြီးမြို့တွင် အပြင်မထွက်ရသတ်မှတ်ချိန်တွင် ကျန်းမာရေးကိစ္စကြောင့် အပြင်ထွက်သူများအား စစ်ကောင်စီတပ်များက ရိုက်နှက်ခဲ့ကြောင်း ရိုက်နှက်ခံရသူတစ်ဦးက Khit Thit Media ကို ပြောဆိုခဲ့သည်။ ယနေ့အချိန်အထိ စစ်ကောင်စီက ည ၈ နာရီမှ မနက် ၄ နာရီအတွင်း အပြင်မထွက်ရအမိန့်ထုတ်ပြန်ထားသည်။ 

အင်းစိန်ထောင်အတွင်း ဆန္ဒပြသူများအား နှိပ်စက်မှုမပြုလုပ်ခဲ့ကြောင်း ထောင်အာဏာပိုင်များ ငြင်းဆိုခဲ့သည်ဟု Burma Associated Press က ဖော်ပြထားသည်။ သို့သော် ဇူလိုင် ၂၃ ရက်နေ့က စစ်တပ်၏ ရိုက်နက်မှုကြောင့် အမျိုးသမီးအဆောင်တွင် အမျိုးသမီး ၇ ဦး သေဆုံးသွားကြောင်း ထောင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက VOA သတင်းဌာနကို ပြောဆိုထားသည်။

ထို့အပြင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက်အရ နိုင်ငံရေးအကျဥ်းသား ကိုအေးအောင်၊ ကိုနိုင်ဇော်နှင့် ကိုလေပြေစိုးမိုးတို့ အပါအဝင် ဆန္ဒပြမှုကို ဦးဆောင်သူများသည် ထောင်အတွင်း တိုက်ပိတ်ခံထားရကြောင်း သိရသည်။ မန္တလေးမြို့ရှိ အိုးဘိုထောင်တွင်လည်း ပြစ်ဒဏ်ပေးသည့်အနေဖြင့် အကျဥ်းသားများအား တစ်နေ့စာအတွက် ဆန်ပြုတ်အရည်ကျဲတစ်ခွက်သာ တိုက်ကြောင်း Shwe Phee Myay News Agency က ဖော်ပြထားသည်။

ကိုဗစ်တုံ့ပြန်ရေးအတွက် အရေးပေါ်ရံပုံငွေ ယူရို ၂ သန်းအား မြန်မာပြည်အတွက် ဥရောပသမဂ္ဂက ပေးအပ်လိုက်ကြောင်း ဇူလိုင်လ ၂၄ ရက်နေ့နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါအထောက်အပံ့များအား UN နှင့် Red Cross ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။

Comments