၂၆-၂၇ ဇူလိုင်၊ ၂၀၂၁

 

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်အားပယ်ဖျက်ကြောင်း စစ်ကောင်စီခန့်အပ်ထားသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၂၆ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါထုတ်ပြန်မှုအပေါ် NLD ပါတီအပါအဝင် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် နေရာအများအပြား အနိုင်ရရှိခဲ့သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်အမျိုးသားပါတီတို့က အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ လက်ရှိရွေးကောက်ပွဲကော်မရှင် ဥက္ကဌသည် မဲမသမာမှုများစွာဖြစ်ပေါ်ခဲ့သော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအားဦးဆောင်ခဲ့သူ ဦးသိန်းစိုးဖြစ်သည်။ အဆိုပါကော်မရှင်က ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှု ၁၁ သန်းကျော်ရှိခဲ့ကြောင်း စွပ်စွဲထားသည်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် မကွီးအိမ်နူးရှိ ရဲစခန်းအား CDF – Mindat က ဇူလိုင် ၂၄ ရက်တွင် သေနတ်တစ်ချက်မှပစ်ဖောက်ရခြင်းမရှိဘဲ သိမ်းပိုက်ရရှိခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ စစ်တက္ကသိုလ်အပတ်စဉ် ၅၅ ကျောင်းဆင်း ဗိုလ်ကြီးသိန်းထိုက်မှဦးဆောင်၍ ရဲနှင့်စစ်သား ၆ ဦးလက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်ကြောင်း CDF အနေဖြင့် သေနတ် ၂၂ လက် သိမ်းပိုက်ရရှိခဲ့ကြောင်းလည်း သိရသည်။ ရဲစခန်းမှူးနှင့် တပ်စခန်းမှူးတို့အား ကိုဗစ်ကာကွယ်ရေးအတွက် အစည်းအဝေးပြုလုပ်မည်ဟု လိမ်လည်ခေါ်ဆောင်၍ အတင်းအကြပ်လက်နက်ချစေခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင်လ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၂၆ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ကနီမြို့နယ်ရှိ PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း PDF ဘက်မှ ဒဏ်ရာရရဖမ်းဆီးခံရသူများအား စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း ကျင်းတူးပြီးမြှုပ်နှံထားသော အလောင်း ၉ လောင်းအပါအဝင် အလောင်း ၃ လောင်း စုစုပေါင်း ၁၂ လောင်းကို ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရှိခဲ့ကြောင်း PDF တစ်ဦးက VOA ကို ပြောဆိုသည်။ 

ယခင်ကိုဗစ်လှိုင်းများအတွင်း Fever Clinic များအား ဦးဆောင်တည်ထောင်ခဲ့သူ ပါမောက္ခ ဒေါက်တာမာမာကြည်သည် ဇူလိုင်လ ၂၇ ရက်နေ့က ကိုဗစ်ကြောင့် သေဆုံးသွားပီဖြစ်ကြောင်း သူမနှင့် နီးစပ်သူများက လူမှုကွန်ယက်တွင် ဖော်ပြထားသည်။ ယခုတတိယလှိုင်းအတွင်း နာမည်ကျော်ကြားလူသိများသော ဆရာဝန်ကြီး အများအပြားသေဆုံးနေရကြောင်း လူမှုကွန်ယက်တွင် ရေးသားဖော်ပြကြသည်။ 

ဇူလိုင်လ ၂၇ ရက်နေ့က မန္တလေးမြတောင်သပိတ်ဖြိုခွင်းခံရပြီး အနည်းဆုံး ၂ ဦး စစ်ကောင်စီတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ မြတောင်သပိတ်သည် နေ့စဥ်ရက်ဆက် မန္တလေးမြို့တွင် ဆန္ဒပြနေသော အဖွဲ့ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထဲသို့ဝင်ရောက်မည့် တပ်သားသစ်များရှားပါးလာခြင်းကြောင့် အခြေခံမူလတန်း ၄ တန်း အောင်လျှင် တပ်မတော်သို့ ဝင်ခွင့်ပြုရန် ညွှန်ကြားထားကြောင်း စစ်သားစုဆောင်းရေးလုပ်နေသော စစ်မှုထမ်းဟောင်းတဦးက Myanmar Press Agency သို့ ပြောဆိုခဲ့သည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် နှစ်ရက်အတွင်း တိုက်ပွဲငယ် (၉) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က တပ်ခွဲမှူးအပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၅ က ထုတ်ပြန်ခဲ့သည်။ ဘက်စုံသုံး Sukhoi Su-30SME ဂျက်တိုက်လေယာဉ်များအား ရုရှားနိုင်ငံက စစ်ကောင်စီအတွက် မကြာသေးမှီရက်ပိုင်းအတွင်း ပေးပို့လိုက်ပြီဖြစ်ကြောင်း Asia News က ဖော်ပြထားသည်။ 

Comments

Popular Posts