၂-၃ ဇူလိုင်၊ ၂၀၂၁

 

June ၁၉ ရက်နေ့တွင်ကျရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၆ နှစ်မွေးနေ့တွင် ပြည်သူအများအပြားက ပန်းသပိတ်ကို ဆင်နွဲခဲ့သလို ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ၆၅ နှစ်ပြည့် မွေးနေ့တွင်မူ အသုဘအခမ်းအနားသပိတ်များကို ဆင်နွဲနေကြသည်ကို တွေ့ရသည်။ အာဏာသိမ်းမှုဖြစ်ပေါ်လာခြင်းမရှိပါက ယနေ့တွင် စစ်ခေါင်းဆောင်သည် စစ်တပ်မှ သက်ပြည့်ပင်စင်ယူ၍ ရာထူးမှနှုတ်ထွက်ရမည်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် စစ်ကောင်စီအဖွဲ့ဝင် (၇) ဦး စစ်ခေါင်းဆောင်များ၏ မိသားစုဝင် (၁၅) ဦး ကြေးနီထုတ်လုပ်ရေးနှင့် ဆက်သွယ်ရေးဂြိုလ်တုစနစ် လုပ်‌ဆောင်နေသော နိုင်ငံခြားကုမ္ပဏီ (၃) ခုတို့အား အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုပြုလုပ်လိုက်သည်။ 

ဇူလိုင်လ ၂ ရက်နေ့ ညတွင် မန္တလေးတိုင်း မြင်းခြံမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်အလုပ်အမှုဆောင်ဟောင်းများဖြစ်ကြသော လင်မယားနှစ်ဦးအား ပျူစောထီးအဖွဲ့က လုပ်ကြံမှု ဖြစ်ပွားခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ အဆိုပါအဖွဲ့သည် လူ ၃၈ ဦး၏ အမည်ပါရှိသော စာရင်းတစ်ခုကို ၎င်းတို့ပစ်မှတ်ထားမည့်သူများဖြစ်ကြောင်း လူမှုကွန်ယက်တွင် လွန်ခဲ့သည့် ၆ ရက် ထုတ်ပြန်ခဲ့သည်။ အလားတူပင် ပျူစောထီး (မန္တလေး) အဖွဲ့ကလည်း NLD နှင့်ပတ်သက်ဆက်နွယ်သူ ၆၂ ဦးပါရှိသော စာရင်းတစ်ခုကို ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ပျူစောထီးအဖွဲ့များအား စစ်ကောင်စီထောက်ခံသူများနှင့် ကြံ့ခိုင်ရေးပါတီဝင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သတင်းများလည်းထွက်နေသည်။ ဇူလိုင်လ (၁) ရက်နေ့ညမှ (၂) ရက်နေ့အတွင်း နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီခန့်ထားသော အုပ်ချုပ်ရေးမှူး ၁ ဦး အပါအဝင် စစ်ကောင်စီနှင့် ဆက်စပ်နေသူ စုစုပေါင်း ၆ ဦးသည် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း Khit Thit က ဖော်ပြထားသည်။ 

ဇူလိုင်လ ၂ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် PDF တို့၏ တိုက်ပွဲတွင် PDF ဘက်မှ ၁၈ ဦးကျဆုံးပြီး ဒဏ်ရာရရှိသူ ၁၀ ဦးအထက်ရှိပြီး စစ်ကောင်စီဘက်မှ ၄ ဦးကျဆုံးခဲ့ကြောင်း PDF ဒီပဲယင်းက သတင်းထုတ်ပြန်ခဲ့သည်။ ပုဒ်မများစွာဖြင့် တရားစွဲဆိုခံထားရသော NLD အစိုးရ၏ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအား မကွေးထောင်အထူးတရားရုံး ပုဒ်မ ၅၀၅ (ခ) အတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၂) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ အာဏာသိမ်းပြီးနောက် NUG ကြောင့် သေဆုံးသူ ၁၈၀ ကျော်ရှိပြီဖြစ်ကြောင်း စစ်ကောင်စီက ပြန်လည်စွပ်စဲခဲ့ကြောင်း BBC က ဖော်ပြထားသည်။ AAPP ၏ ဖော်ပြချက်အရ စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ဇူလိုင်လ (၂) ရက်နေ့အထိ သေဆုံးသူ ၈၈၈ ဦးရှိပြီးဖြစ်ကြောင်းသိရသည်။ 

မြန်မာနိုင်ငံတွင် ကိုးဗစ်ရောဂါကူးစက်သူ တစ်ရက်လျင် လူတစ်ထောင်ခန့်ရှိနေသဖြင့် ကိုးဗစ်တတိယလှိုင်းဖြစ်ပွားနေပြီဖြစ်ကြောင်း အွန်လိုင်းတွင် ပြောဆိုနေကြသည်။ ပိုးစစ်ဆေးနိုင်မှုအလွန်နည်းပါးနေသဖြင့် အမှန်တကယ်ကူးစက်ခံရသူ ပြင်ပတွင် အများအပြားရှိနိုင်ကြောင်း ခန့်မှန်းမှုများရှိနေသည်။ မြန်မာပြည်၏ အိမ်နီးချင်း နိုင်ငံများတွင်လည်း ကူးစက်သူများပြားနေသဖြင့် မြန်မာပြည်မှ ခရီးသွားများ လာရောက်ခြင်းမရှိစေရန် ၎င်းတို့၏နယ်စပ်ဂိတ်များကို ပိတ်ဆို့ထားကြောင်းလည်း သိရသည်။ ရန်ကုန်မြို့တွင် ရဲအရာရှိသင်တန်းတက်ရောက်နေသာ စစ်ကောင်စီလက်အောက်ခံ ရဲသင်တန်းသား ၁၂၀ ဦးအနက် ၁၁၄ ဦးသည် ကိုးဗစ်ကူးစက်ခံထား ရကြောင်း Irrawaddy က ဖော်ပြထားသည်။ အခြားသော ဒေသများတွင်လည်း စစ်ကောင်စီတပ်များအကြား ပိုးကူးစပ်မှုများ ပြန့်ပွားနေကြောင်း ပြည်တွင်းသတင်းများစွာက ဖော်ပြထားသည်။ မြန်မာပြည်သူများအကြားတွင် ရေပန်းစားနေပြီး အသုံးပြုသူအများဆုံးဖြစ်သော တယ်လီဖုန်းအော်ပရေတာဖြစ်သည့် နော်ဝေးကုမ္ပဏီ Telenor သည် ၎င်း၏ မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းများအား ရောင်းချတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီး Telenor ကမူ အဆိုပါ သတင်းများအပေါ် မှတ်ချက်ပြုခြင်းမရှိသေးပါ။

Comments