၂၈-၂၉ ဇူလိုင်၊ ၂၀၂၁

 

ဇူလိုင် ၂၈ ရက် မနက်က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်ဖြူရွာအနီးတွင် မင်းကင်း PDF နှင့် ပျူစောထီးအဖွဲ့ဝင်များတိုက်ပွဲဖြစ်ပွားပြီးနောက် PDF တပ်ဖွဲ့ဝင် ၅၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း DVB က ဖော်ပြထားသည်။ ၎င်းတို့သည် တောင်ဖြူရွာသားများ၏ လှည့်ဖျားမှုကိုခံရပြီး ထောင်ချောက်ဆင် ဖမ်းခံရခြင်းဖြစ်ကြောင်း တောင်ဖြူရွာအတွင်းသို့ မဝင်ခဲ့သော PDF ၁၂ ဦးမှာလွတ်မြောက်ခဲ့ကြောင်း PDF အဖွဲ့ဝင်တစ်ဦးက BBC ကို ပြောဆိုခဲ့သည်။ ဖမ်းဆီးခံရသူများအနက် ၄ ဦးသေဆုံးခဲ့ကြောင်း ပျူစောထီးဘက်မှ တစ်ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

မွန်ပြည်နယ် သထုံမြို့နယ်တွင် ထိုင်းနိုင်ငံသို့ သွယ်တန်းထားသည်ဆိုသော ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုအား PDF အဖွဲ့က ဇူလိုင်လ ၂၇ ရက်နေ့တွင် ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း Khit Thit က ဖော်ပြထားသည်။ သို့သော် သထုံမြို့နယ်ရှိ PDF တပ်ဖွဲ့ဝင်တစ်ဦးကို ဖောက်ခွဲမှုသည် ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း RFA ကို ပြောဆိုခဲ့သည်။ 

ဇူလိုင်လ ၂၉ ရက် ည ၁၀ နာရီခွဲဝန်းကျင်ခန့်တွင် KIA တပ်မဟာ ၅ လက်အောက်ရှိ တပ်ရင်း ၃ အဖွဲ့က ဝိုင်းမော်မြို့အခြေစိုက် ခလရ ၅၈ တပ်ရင်းအား သွားရောက်တိုက်ခိုက်ကြောင်း စစ်ကောင်စီဖက်က ၂ ဦးသေဆုံးပြီး ထိခိုက်သူများပြားခဲ့ကြောင်း Kachin News Group က ဖော်ပြထားသည်။ တိုက်ပွဲများဖြစ်ပွားနေသော ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့အကြား UWSA အနေဖြင့် ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးလိုကြောင်း “ဝ” တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက RFA ကိုပြောဆိုခဲ့သည်။ ထို့အပြင် ရှမ်းပါတီ SNLD ပါတီအနေဖြင့်လည်း ၎င်းတို့နှစ်ဖွဲ့ အပစ်ရပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း Shan News ကဖော်ပြထားသည်။ 

ကိုဗစ်ကူးစပ်မှုကြောင့် သေဆုံးနှုန်းမြင့်မားနေသော ရန်ကုန်မြို့ရှိတွင် စစ်ကောင်စီက အောက်စီဂျင်စက်ရုံများအား အများပြည်သူထံရောင်းချခြင်း မပြုရန်နှင့် ပြည်သူများအနေဖြင့် အောက်စီဂျင်အလိုရှိပါက ၎င်းတို့ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးများထံမှ ထောက်ခံစာရယူရမည်ဟု ကြေညာထားကြောင်း Myanmar Now က ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီ၏ MRTV သတင်းဌာနကလည်း ရန်ကုန်မြို့တွင် တရက်လျှင် ရုပ်အလောင်း ၃၀၀၀ ကျော်အထိ မီးသင်္ဂြိုဟ်နိုင်မယ့် မီးဖို ၁၀ လုံးကို တပြိုင်တည်းတည်ဆောက်နေကြောင်း ကြေညာခဲ့သည်။ စစ်ကောင်စီသည် ကူးစပ်မှုတားဆီးရေးကို ထိရောက်အောင်မလုပ်ဘဲ အခြားသောအရာများကို ဦးစားပေးပြုလုပ်နေကြောင်း ဝေဖန်နေကြသည်။ 

ကိုဗစ်ကူးစပ်မှုဆိုင်ရာအသုံးစရိတ်များအတွက် ဘဏ်များတွင် ငွေထုတ်ယူခွင့်ကန့်သတ်ထားမှုများအား ဖြေလျေ့ာပေးရန် ဗဟိုဘဏ်က ဘဏ်များအားလုံးကို ဇူလိုင် ၂၈ ရက် နေ့စွဲဖြင့် ညွှန်ကြားလိုက်ကြောင်း Yangon Media Group က ဖော်ပြထားသည်။ ယခင်က ငွေသားထုတ်ယူခြင်းကို လူတစ်ဦးအား တစ်ပတ်လျှင် အများဆုံးကျပ်သိန်း(၂၀)နှင့် ကုမ္ပဏီနှင့် အဖွဲ့အစည်းများအား တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း (၂၀၀) အဖြစ်ကန့်သတ်ထားခြင်းဖြစ်သည်။

စစ်ကောင်စီ၏ The Global New Light of Myanmar သတင်းစာတွင် ဖမ်းဆီးခံထားရတဲ့ သြစတြေးလျစီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ်လ်အပါအဝင် အကျဥ်းသားများအား အင်းစိန်ထောင်တွင် ဇူလိုင်လ ၂၈ ရက်နေ့က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း ဓာတ်ပုံများကို ထည့်သွင်းဖော်ပြထားသည်။ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများက ဦးဆောင်၍ တောင်ကိုရီးအစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိမှတ်ပြုရန် အွန်လိုင်းမှတဆင့် ထောက်ခံလက်မှတ်ကောက်ခံနေရာ သတ်မှတ်အရည်အတွက် နှစ်သိန်းထက်ကျော်လွန်သွားပြီဖြစ်ကြောင်း Mizzima က ဖော်ပြထားသည်။

Comments

Popular Posts