၄-၅ ဇူလိုင်၊ ၂၀၂၁

 

စစ်ကောင်စီသည် ဆက်သွယ်ရေးကုမ္ပဏီများ၏အကြီးအကဲများ ပြည်ပသို့မထွက်ခွာနိုင်စေရန်အတွက် ပိတ်ပင်တားမြစ်ထားကြောင်း Reuters က ဖော်ပြထားသည်။ ၎င်းတို့အနေဖြင့် နိုင်ငံတွင်းမှ ထွက်ခွာလိုပါက စစ်ကောင်စီ၏ ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း ဆန္ဒပြသူများအပေါ် စစ်တပ်၏ ကြားဖြတ်ထောက်လှမ်းရေးနည်းပညာ အကောင်အထည် နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်ဖိအားပေးနေကြောင်း သိရသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကာတာအခြေစိုက် Ooredoo နဲ့ နော်ဝေးအခြေစိုက် Telenor တို့လုပ်ကိုင်နေပြီး သုံးစွဲသူ ၁၈ သန်းကျော်ရှိသော Telenor က ၎င်းတို့၏ လုပ်ငန်းများဆက်လက်လည်ပတ်ရန် သင့်မသင့် သုံးသပ်နေကြောင်း ဇူလိုင်လ ၂ ရက်နေ့က ပြောဆိုထားသည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် ဇူလိုင်လ (၂) ရက်နေ့က တစ်ရက်ထဲ သုံးကြိမ်ဖြစ်ခဲ့သည့် PDF နှင့် စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲတွင် PDF ဘက်မှ သေဆုံးသူများ တိုးလာပြီး သေဆုံးသူ (၃၁) ဦးအထိရှိပြီဖြစ်ကြောင်း အဖွဲ့ဝင်တစ်ဦးက Mizzima ကို ပြောဆိုခဲ့သည်။ စစ်ကောင်စီတပ်များသည် လက်နက်ကြီးများကို အသုံးပြုခဲ့သည်သာမက ဒဏ်ရာရသူများအား တည်ကြက်အဖြစ်အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ အနီးအနားကျေးရွာများရှိ ဒေသခံများလည်း နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။

စစ်ကောင်စီအား ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းများလုပ်ကိုင်နေကြသော လုပ်ငန်းရှင်ကြီးများက ကူညီထောက်ပံ့နေကြောင်း Myanmar Now က ဖော်ပြထားသည်။ ရန်ကုန် မန္တလေး စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့မှ လုပ်ငန်းရှင်ပေါင်း ၂၀ ခန့်အား ဖိတ်ကြား၍ ဇွန် ၃၀ တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများသည် စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ အဓိကရှာဖွေပေးသည့် အရင်းအမြစ်များဖြစ်ပြီး စစ်ခေါင်းဆောင်များ၏ မိသားစုပိုင်ကုပ္မဏီအများအပြား ဝင်ရောက်လုပ်ကိုင်နေသော နယ်ပယ်တစ်ခုလည်းဖြစ်သည်။

စစ်ကောင်စီတပ်များသည် သံတမန်ကျင့်ဝတ်ကိုချိုးဖောက်၍ ရန်ကုန်မြို့ရှိ ဂျပန်သံအမတ်များ၏ နေအိမ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အရာရှိများ၏ နေအိမ်များအား ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့က ဝင်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေးအကူအညီအများဆုံးပေးအပ်ထားသော နိုင်ငံဖြစ်ပြီး အာဏာသိမ်းပြီးနောက် အဆိုပါအကူအညီအများအပြားအား ရပ်ဆိုင်းခဲ့ပြီး စစ်ကောင်စီအား အာဏာလက်လွှတ်ရန် ဆက်တိုက်ဖိအားပေးနေသော နိုင်ငံဖြစ်သည်။

ကိုဗစ် ၁၉ ရောဂါကူးစက်မှုများသည် အလွန်များပြားလာပြီး စစ်ကိုင်းတိုင်း ကလေးမြို့တစ်ခုထဲတွင်ပင် တစ်ရက်လျင် သေဆုံးသူ ၂၀ ခန့် ရှိကြောင်း Chin World က ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုများသည်လည်း ကူးစပ်ခံနေရပြီး ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်သူနှင့် ၎င်း၏ နီးစပ်သူများလည်း ရောဂါကူးစပ်ခံနေရပီဖြစ်ကြောင်း The 74 Media က ဖော်ပြထားသည်။ အမှတ် ၁၄ စစ်မြေပြင်ဆေးတပ်ရင်းမှ ပထမတန်း ခွဲစိတ်ပါရဂူဖြစ်သူ ဗိုလ်ကြီး မင်းမောင်မောင်သည် CDM လှုပ်ရှားမှုတွင် ပါဝင်လာကြောင်း DVB က ဖော်ပြထားသည်။

ရန်ကုန်တိုင်းတွင် ရွေးကောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အစည်းအဝေးကို ဇူလိုင်လ ၅ ရက် မနက်တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRYH ) ၏ ဆောင်ရွက်မှုများနှင့် CDM ဝန်ထမ်းများအတွက် ထောက်ပံ့မှုများကို ဆွေးနွေးခဲ့ကြကြောင်း NUG ၏ စာမျက်နှာတွင် ဖော်ပြထားသည်။

စစ်ကောင်စီအပေါ် ဒဏ်ခတ်မှုမလုပ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် ၃ ရက်နေ့တွင် ပြောဆိုခဲ့သည့်အပေါ် အွန်လိုင်းအသုံးပြုသူများက ကန့်ကွက်ရှုတ်ချနေကြသည်။ တရုတ်နိုင်ငံ ချင်းဟွာတက္ကသိုလ်တွင် ပြုလုပ်ခဲ့သော (၉) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်တွင် ၎င်းက နိုင်ငံတကာအနေဖြင့် ရင်ကြားစေ့ရေးကိုအထောက်အကူပြုသည့် ကိစ္စရပ်များကို ပိုမိုလုပ်ဆောင်ရန်လိုပြီး တစ်ဖက်သတ်အရေးယူဒဏ်ခတ်မှုနှင့် မသင့်လျော်သော ကြားဝင်မှုကို ရှောင်ကြဉ်သင့်ကြောင်း ပြောဆိုခဲ့သည်။

Comments

Popular Posts