၆-၇ ဇူလိုင်၊ ၂၀၂၁
ဇူလိုင် ၆ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံအနှံ့တွင် တစ်ရက်အတွင်း ပိုးတွေ့သူ ၃,၆၀၂ ဦး ရှိပြီး သေဆုံးသူ ၅၂ ဦးရှိခဲ့ကြောင်း သိရသည်။ မြန်မာပြည်၏ မြို့တော် နေပြည်တော်တွင်လည်း ဇွန်လဆန်းမှစတင်ကာ ကိုဗစ်ကူးဆက်မှု အလွန်အမင်းများပြားလာပြီး ဇူလိုင်လ ၃ ရက်နေ့အထိ ကူးဆက်ခံရသူ ၂၁၂၇ ဦးရှိကြောင်း Irrawaddy က ဖော်ပြထားသည်။ ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် စကခ (၂၁) တပ်အတွင်း Covid-19 ပိုးကူးစက်ခံရသော တပ်သားများ များပြားနေသော်လည်း တပ်မမှူး ၎င်းတို့အား ခွင့်ယူခွင့်မပေးဘဲ ဖိအားပေး၍ အတင်းအကြပ်တာဝန်ထမ်းဆောင်ခိုင်းထားကြောင်း Kachinwaves က ဖော်ပြထားသည်။ ထို့အတွက်ကြောင့် တပ်တွင်း ထွက်ပြေးသူများလည်း ရှိနေကြောင်း သိရသည်။ လူဦးရေ ၁ သောင်း ၃ ထောင်ခန့် ချုပ်နှောင်ထားသော ရန်ကုန်မြို့ရှိ အင်းစိန်အကျဥ်းထောင်တွင် ကိုဗစ်ကူးစပ်မှုများအကြောင့် ရုံးထုတ်စစ်ဆေးခြင်းများအား ယာယီရပ်ဆိုင်းလိုက်ပီဖြစ်ကြောင်း Irrawaddy က ဖော်ပြထားသည်။
၂၀၁၅ ခုနှစ်မှစ၍ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံရေးခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး အငြိမ်းစားဗိုလ်ကြီး ဇော်နိုင်ဝင်းကို နေပြည်တော်ရှိ စစ်ကောင်စီလက်အောက်ခံ တရားရုံးက ယုံကြည်အပ်နှံဖောက်ဖျက်သည့် ပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြောင်း Khit Thit Media က ဖော်ပြထားသည်။ NUG တွင် ဝန်ကြီးနေရာရယူထားသူ ဒေါက်တာဇော်ဝေစိုး၏ တပည့်များကိုလည်း စစ်ကောင်စီတပ်များက လိုက်လံဖမ်းဆီးနေကြောင်း အလွတ်တမ်းသတင်းထောက် Mratt Kyaw Thu က ဖော်ပြထားသည်။
ရန်ကုန်ရှိ မြို့နယ်တချို့တွင် မီတာခ ပေးဆောင်ခြင်းမပြုသည့် နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးကြိုးများ လိုက်လံဖြတ်တောက်နေကြောင်း Khit Thit က ဖော်ပြထားသည်။ ရန်ကုန်မြို့အခြေစိုက် ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ (Anti-Fascist Armed Force) က ယာဉ်ထိန်းရဲများအပါအဝင် အခွန်ကောက်နေကြသော စည်ပင်နှင့် လျှပ်စစ်ဝန်ထမ်းများအား စစ်ကောင်စီ ယန္တရားများလည်ပတ်စေရေးမကူညီကြရန် ဇူလိုင်လ ၆ ရက်နေ့က သတိပေးချက်ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနေဖြင့် ရန်ကုန်မြို့ နေရာခြောက်နေရာတွင် သတိပေးသည့်အနေဖြင့် ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၈ ဦး နှုတ်ထွက်စာတင်ခဲ့ကြကြောင်း Myanmar Now က ဖော်ပြထားသည်။ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီယာဥ်တန်းများနှင့် အုပ်ချုပ်ရေးမှူးများသည် ဒေသခံ PDF နှင့် KIA ပူးပေါင်းတပ်တို့၏ တိုက်ခိုက်မှုကို နေ့စဥ်ရက်ဆက်ခံနေရသည်။ ဇူလိုင်လ ၇ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ၏ စစ်ကြောင်းအား KIA တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ဇွန် ၃၀ ရက်နေ့က တတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေါ်ယူခဲ့ခြင်းကို အရပ်ဘက်အဖွဲ့အစည်း ၄၀၀ ကျော်က ကန့်ကွက်ကြောင်း စာထုတ်ပြန်ခဲ့သည်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်းခဲ့ပြီဖြစ်သောကြောင့် လွှတ်တော်ခေါ်ယူခြင်းအား မပြုလုပ်သင့်ကြောင်း တော်လှန်ရေးအင်အားစုများအကြား ညီညွတ်မှုနှင့် ယုံကြည်မှုတည်ဆောက်နိုင်ရေးကို ထိခိုက်နိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ရေးသားထားသည်။ CRPH ဥက္ကဋ္ဌဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်ကြည်ညွန့်က အဆိုပါလွှတ်တော်အစည်းအဝေးတွင် နာယကအဖြစ်ဆောင်ရွက်ခဲ့ပြီး NLD လွှတ်တော်အမတ် ၂၃၀ ကျော်အပါအဝင် လေ့လာသူပေါင်း ၂၇၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ (၆)ရက်နေ့က အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထောင်စုဝန်ကြီးများနှင့် ဂျပန်လွှတ်တော်အမတ်များ၏ အွန်လိုင်းတွေ့ဆုံ ဆွေးနွေးမှုတွင် ဂျပန်အမတ်များကိုယ်စား အောက်လွှတ်တော်အမတ် Mr. Ichiro Aisawa က မြန်မာနိုင်ငံတွင် NUG မှလွဲ၍ အခြားအစိုးရမရှိကြောင်း စစ်တပ်၏ အာဏာသိမ်းမှု လက်ခံနိုင်စရာမရှိကြောင်း NUG အစိုးရကို ကူညီမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
Comments
Post a Comment