၃၀-၃၁ ဇူလိုင်၊ ၂၀၂၁
အခြေခံစားသောက်ကုန်စျေးနှုန်းများအဆမတန်မြင့်တက်နေသော ရန်ကုန်မြို့တွင် ပြည်သူအချို့က ဦးဆောင်၍ ဆန်၊ ကြက်ဥ၊ ဆီ နှင့် ခေါက်ဆွဲခြောက်စသည့် အစားအသောက်များအား ၁ဝဝ ကျပ် ထက်မပိုသော ဈေးနှုန်းများနှင့် ရောင်းချမှုများကို ပြုလုပ်လာကြသည်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း ကြက်ဥဈေးနှုန်းသည် ၁ဝ၀ ကျပ်မှ ၃ဝ၀ ကျပ်အထိ မြင့်တက်သွားခဲ့သေးကြောင်း BBC က ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) က ပြီးခဲ့သည့် ရက်ပေါင်း ၁၀၀ အတွင်း မင်းတပ်၊ ကရင်နီ၊ ဖယ်ခုံ၊ ဖလူ၊ ကင်းမ(ပေါက်)၊ ကျုံပျော် အပါအဝင် တိုက်ပွဲဖြစ်ရာဒေသများရှိ စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ကျပ် ၇၁၅ ဒသမ ၄ သန်း ထောက်ပံ့ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းမှုဖြစ်ပြီးကတည်းက မြန်မာ ထိုင်း လာအိုနယ်စပ်ရှိ ရွှေတြိဂံဒေသတွင် အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမား ထောင်သောင်းများစွာသည် အာဏာသိမ်းပြီးကတည်းက လာအိုဘက်ခြမ်းတွင် ပိတ်မိနေပြီး ဇူလိုင် ၃၀ ရောက်မှသာ လူ ၃၀ ခန့်သာ ၎င်းတို့၏ နေရပ်သို့ပြန်ခွင့်ရရှိခဲ့ကြောင်း BBC က ဖော်ပြထားသည်။
ဇူလိုင်လ ၃၀ ရက်နေ့ ညနေက ရန်ကုန်မြို့ တာမွေမြု့နယ်တွင် ပြုလုပ်သော သပိတ်တစ်ခု ဖြိုခွင်းခံခဲ့ရပြီး ပါဝင်သူများအား လက်နက်ကိုင်ဆောင်ထားသော အရပ်ဝတ်များက ဖမ်းဆီးရိုက်နှက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ မန္တလေးမြို့ရှိ မြတောင်သပိတ်တွင် ပါဝင်သော သူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးသဖြင့် ၁၀ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရပြီး သေနတ်ဖြင့်အပစ်ခံရသူ စိုင်းရဲရင့်သည် သေနတ်ဒဏ်ရာဖြင့် ဇူလိုင်လ ၃၁ ရက်နေ့က သေဆုံးသွားကြောင်း ၎င်း၏ ဇနီးဖြစ်သူက BBC ကို ပြောဆိုခဲ့သည်။
ဇူလိုင်လ ၃၀ ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင်တွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် တပ်သား ၈ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရကြောင်း Khit Thit Media က ဖော်ပြထားသည်။ ထို့အပြင် ရှမ်းပြည်နယ် မူဆယ်မြို့တွင်လည်း ညနေ ၈ နာရီဝန်းကျင်မှုစ၍ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၃၁ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ကယားပြည်နယ် လွိုင်ကော်မြို့အနီးတွင် ကရင်နီတပ်မတော် (KnA) ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တွင် စစ်ကောင်စီခန့်ထားသော အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ ဇူလိုင် ၃၁ ရက် မနက် ၁၁ နာရီလောက်က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံလိုက်ရကြောင်း DVB က ဖော်ပြထားသည်။ ၎င်း၏ ဇနီးသည်လည်း CDM မပြုလုပ်ထားသော ဆရာမတစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။
Comments
Post a Comment