၉-၁၀ ဩဂုတ်၊ ၂၀၂၁
ရန်ကုန်မြို့လယ်ရှိ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းအတွင်းရှိ တိုက်ခန်းတစ်ခန်းအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းစဉ် လူငယ် ၅ ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှု သြဂုတ်လ ၁၀ နေ့က ဖြစ်ပွားခဲ့သည်။ မျက်မြင်သက်သေတစ်ဦး၏ RFA သို့ပြောဆိုချက်အရ သေဆုံးသူ ၅ ဦးတွင် အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ပြီး လူငယ် ၂ ဦး သို့မဟုတ် ၃ ဦးအား ရိုက်နက်၍ ဖမ်းဆီးသွားကြောင်း သိရသည်။ မီဒီယာတစ်ချို့၏ ဖော်ပြချက်အရ သေနတ်ပစ်ခံရ၍ သေဆုံးသူ ၁ ဦးနှင့် တိုက်ပေါ်မှခုန်ချ၍ သေဆုံးသူ ၅ ဦး စုစုပေါင်း ၆ ဦးရှိကြောင်း သိရသည်။ ဖမ်းဆီးစဥ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအချင်းချင်းပြောဆိုနေသော အသံရီကော့တစ်ခုလည်း လူမှုကွန်ယက်တွင် ပေါက်ကြားလာခဲ့သည်။
အာဏာရှင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တို့သည် နေပြည်တော် ကုတင် ၁၀၀၀ စစ်ဆေးရုံတွင် အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း မျက်မြင်သက်သေတစ်ဦးက RFA ကို ပြောဆိုသည်။ ၎င်းတို့သေဆုံးသွားပြီဖြစ်ကြောင်း ကောလဟလများ သြဂုတ်လ ၉ ရက်နေ့က လူမှုကွန်ယက်တင် ထွက်ပေါ်လာခဲ့သေးသည်။ ၎င်းတို့နှစ်ဦးသည် အသက် ၈၉ နှစ်ဝန်းကျင်ရှိပြီဖြစ်သည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးပေးနေသော်လည်း ကယ်ဆယ်ရေးစခန်းများတွင်ရှိနေသော မူဆလင်များအား ဆေးထိုးပေးအုန်းမည်မဟုတ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက Narinjara ကို ပြောဆိုခဲ့သည်။ စစ်တွေမြို့ရှိအဆိုပါကယ်ဆယ်ရေးစခန်းတွင် မူဆလင်လူဦးရေ ၈ ထောင်ခန့်ရှိနေကြောင်းလည်း သိရသည်။
စစ်သားအချို့၏ပြောဆိုချက်အရ စစ်ကောင်စီသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းနေဆဲဖြစ်သော အိန္ဒိယနိုင်ငံထုတ် Covaxin ကာကွယ်ဆေးအား ကာယကံရှင်များ၏ သဘောတူညီချက်မပါရှိဘဲ ယခုနှစ်ဆန်းပိုင်းမှစတင်၍ စစ်တပ်အတွင်း တိတ်တဆိတ်စမ်းသပ်ထိုးနှံစေခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြံစည်မှုကိစ္စသည် မြန်မာနိုင်ငံနှင့် မည်သို့မျှသက်ဆိုင်မှုမရှိဘဲ အမေရိကန်နိုင်ငံ၏ ပြည်တွင်းရေးသက်သက်သာဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသော ရုပ်သံက သြဂုတ် ၉ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။
Chin National Organization ၏ သြဂုတ်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ် ဖလမ်းမြို့ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလည်း ပေါင်တွင် သေနတ်ဒဏ်ရာရရှိခဲ့ပြီး သူမနှင့်အတူပါလာသော အမျိုးသားသည်လည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။ ထို့အပြင် အဘွားအိုတစ်ဦးမှာလည်း ကျဉ်ထိမှန်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။
ရန်ကုန်မြို့ရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) တည်ရှိရာ အဆောက်အအုံသည် သြဂုတ်လ ၁၀ ရက်နေ့က လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း Khit Thit က ဖော်ပြထားသည်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ရွာသားများအား ဖမ်းဆီးခြင်းများ သြဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်နေကြောင်း ရွာသားတစ်ဦးက Khit Thit ကို ပြောဆိုခဲ့သည်။
Comments
Post a Comment