၁၁-၁၂ ဩဂုတ်၊ ၂၀၂၁
အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များအား အသိအမှတ်ပြုမည့် ၇၆ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံနီးကပ်လာသည့်အလျောက် စစ်ကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့အကြား သံတမန်ရေးဆိုင်ရာအားပြိုင်မှုများလည်း ပြင်းထန်လာနေသည်ကိုတွေ့ရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ကိုလက်ခံပြီး အာဏာသိမ်းစစ်ကောင်စီကို ငြင်းဆိုပါ (Accept NUG – Reject Military) ဆိုသော ဖေ့စ်ဘွတ် စာမျက်နှာတွင် ပရိုဖိုင်ပြောင်းသော လှုပ်ရှားမှုအား General Strike Coordination Body – GSCB က သြဂုတ်လ ၁၀ ရက်နေ့က စတင်လိုက်ပြီးနောက် သုံးရက်တာကာလအတွင်း ပါဝင်သူပေါင်း နှစ်သန်းကျော်ပီဖြစ်ကြောင်း Mizzima ကဖော်ပြထားသည်။ ထို့ကဲ့သို့ ပရိုဖိုင်းပြောင်းလဲသူများအား စာရင်းပြုစုရန် ရဲတပ်ဖွဲ့က ရန်ကုန်တိုင်းအတွင်းတွင် ညွှန်ကြားထားသည့် ရုံးတွင်းစာတစ်ခုလည်း လူမှုကွန်ယက်တွင် ပေါက်ကြားလာခဲ့ပြီး အဆိုပါလုပ်ရှားမှုတွင် ပါဝင်သူများအား အကြမ်းဖက်နှိမ်နှင်းရေးဥပဒေဖြင့် တရားစွဲမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။
ဖေဖေါ်ဝါရီ ၁ ရက်နှင့် အဆိုပါနေ့မတိုင်ခင် စွဲဆိုထားသော ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများအားလုံးကို ပိတ်သိမ်းရန် စစ်ကောင်စီအတွင်းရေးမှူး၏ လက်မှတ်ဖြင့် ညွှန်ကြားချက်တစ်စောင် ဩဂုတ်လ ၁၁ ရက် နေ့ကထွက်ပေါ်လာသည်။ ကိုဗစ်နိုင်တင်း ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် အမှုများပိတ်သိမ်းပေးခြင်းဖြစ်ကြောင်း ထိခိုက်နစ်နာသူများနှင့် ကျန်ရစ်သူမိသားစုဝင်များက အမှုမပိတ်သင့်ကြောင်း စက်တင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထား၍ တရားရုံးများတွင် လျှောက်ထားနိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သြဂုတ်လ ၈ ရက်နေ့က မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်း ဆန္ဒပြမှုတွင်ပါဝင်ခဲ့သော နိုင်ငံရေးအကျဉ်းသား ၃၈ဦးအား တိုက်ပိတ်ထားကြောင်း Mizzima က ဖော်ပြထားသည်။
ဩဂုတ်လ ၁၂ ရက်နေ့က မန္တလေးတိုင်း မြင်းခြံမြို့တွင် စစ်ကောင်စီတပ်များနှင့် ပျူစောထီးများ၏ ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ အဆိုပါဖြစ်ရပ်အတွက် စစ်ကောင်စီနှင့် ၎င်း၏အပေါင်းအပါများအား ပြန်လည်လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်း မြင်းခြံမြို့အခြေစိုက် ပျောက်ကြားတပ်ဖွဲ့ MG6 က သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါနေ့တွင်ပင် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ယင်းမာပင် PDF များ၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကားနှစ်စီးမီးလောင်ကျွမ်းခဲ့ပြီး စစ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက Khit Thit ကို ပြောဆိုခဲ့သည်။ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သြဂုတ်လ ၁၁ ရက်နေ့ထုတ်ပြန်ချက်အရ ဇွန်နှင့်ဇူလိုင်လ နှစ်လအတွင်း တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၃၀ ဦးသေဆုံးခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုများကြောင်း ၁၅၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ကျပ်ငွေတန်ဖိုးသည် ၁၀ နှစ်တာကာလအတွင်း စံချိန်တင်ကျဆင်းခဲ့ပြီး သြဂုတ်လ ၁၂ ရက်နေ့က ပြည်တွင်းငွေကြေးဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၁၇၂၀ ကျပ်အထိ ဈေးပေါက်ခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးချိန်မှစ၍ ကျပ်ငွေတန်ဖိုး ၂၉ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ ကုလသမဂ္ဂ သံတမန် လင်ဒါသောမတ်စ်သည် NUG မှဖွဲ့စည်းထားသော Covid-19 Task Force (CTF) အဖွဲ့ခေါင်းဆောင် ဒေါက်တာစင်သီယာမောင်နှင့် သြဂုတ်လ ၁၂ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သူမ၏ တွစ်တာတွင်ဖော်ပြထားသည်။ အမေရိကန်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ကုသရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအတွက် မြန်မာနိုင်ငံအား ဒေါ်လာ သန်း ၅၀ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။
ဩဂုတ် ၄ရက်နှင့် ဩဂုတ် ၆ ရက်က ရှမ်းပြည်နယ်၊ ကြူကုတ်(ပန်ဆိုင်း) မြို့အနီး MNDAA နှင့် ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း ၎င်းတို့၏ ကျည်ဆံများနှင့် ဗုံးဆံများ တရုတ်ပိုင်နက်အတွင်းသို့ ကျရောက်ခဲ့သောကြောင့် စစ်ကောင်စီသည် တရုတ်စစ်တပ်ထံသို့ တောင်းပန်စာပေးပို့ခဲ့ပြီး ၎င်းတို့ပစ်ခတ်ခဲ့ခြင်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သည်ဟု Mizzima က ဖော်ပြထားသည်။



Comments
Post a Comment