၁၃-၁၄ ဩဂုတ်၊ ၂၀၂၁
မကွေးတိုင်း တောင်တွင်းကြီးမြို့ရှိ ရဲဝန်ထမ်းအိမ်ယာတွင် သြဂုတ်လ ၁၃ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး ဗိဿနိုးနယ်မြေတပ်မတော်က ၎င်းတို့ပြုလုပ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းတို့အနေဖြင့် ဒေသခံ PDF များနှင့်ပူးပေါင်း၍ သြဂုတ်လ ၈ ရက်နေ့က မကွေးလေတပ်စခန်းအား ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။ အဆိုပါဗုံးခွဲတိုက်ခိုက်မှုကြောင့် တိုက်လေယာဉ် ခြောက်စီး ထိခိုက်ခဲ့ပြီး ၎င်းတို့အနက် လေးစီးမှာ အလုံးစုံပျက်စီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက RFA ကိုပြောဆိုခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက Irrawaddy ကို ပြောဆိုခဲ့သည်။
သြဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်-အင်းစိန် ပြေးဆွဲနေတဲ့ မြို့ပတ်ရထားပေါ်တွင် ရဲတပ်ဖွဲ့ဝင် ၆ ဦး သေနတ်နှင့် ပစ်ခတ်ခံရသဖြင့် ၄ ဦးပွဲချင်းပြီးသေဆုံးကာ ၂ ဦးအား စစ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း Irrawaddy က ဖော်ပြထားသည်။ ၎င်းတို့၏ သေနတ် ၄ လက်ကိုလည်း တိုက်ခိုက်သူများက ယူဆောင်သွားကြောင်း သိရသည်။ ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာစျေးသစ်တွင်လည်း ဒုတပ်ကြပ် ယာဉ်ထိန်းရဲတစ်ဦး ဓားဖြင့်အထိုးခံရကြောင်း မျက်မြင်သက်သေတစ်ဦးက Khit Thit ကို ပြောဆိုခဲ့သည်။
ဇူလိုင် ၂၉ ရက်နေ့က KIA ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများပြားခဲ့သော ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ ခလရ ၅၈ တပ်ရင်း၏ တပ်ရင်းမှူးနှင့် တာဝန်ရှိသူများသည် စစ်ကောင်စီ၏ ခုံရုံးဖွဲ့စစ်ဆေးခံနေရကြောင်း တပ်နဲ့နီးစပ်သူများက DVB ကိုပြောဆိုခဲ့သည်။ သြဂုတ်လ ၁၄ ရက်နေ့က မင်းတပ်မြို့အနီးတွင် စစ်ကောင်စီတပ်များနှင့် မင်းတပ် CDF တို့တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း CDF က သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သြဂုတ်လ ၁၄ ရက်နေ့မနက်မှစ၍ ကရင်နီပြည်နယ်ရှိ KNDF PDF KA ပူးပေါင်းတပ်များအား စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်နေပီဖြစ်ကြောင်း KNDF က ကြေညာချက်ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ တပ်သားများလည်းပါဝင်ကြောင်းလည်း ဖော်ပြထားသည်။ လွိုင်ကော်မြို့အရှေ့ဘက်ရှိ စစ်ရှောင်စခန်းတွင် ကိုဗစ်ပိုးတွေ့ရှိသူ ၄၇ ဦးအထိရှိလာပီ ဖြစ်ကြောင်း Kantarawaddy Times က ဖော်ပြထားသည်။
စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ၏ ဝင်ငွေ ထွက်ငွေစာရင်များအားလုံးအား စစ်ဆေးမည်ဖြစ်ကြောင်း သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါကော်မရှင်သည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်အားပယ်ဖျက်ကြောင်းယခင်ကကြေညာထားသည်။ ကော်မရှင်၏ ကြေညာချက်သည် ပါတီများကို အရေးယူနိုင်ရန်အတွက် အထောက်အထားရှာနေခြင်းဖြစ်ကြောင်း SNLD ပါတီတာဝန်ရှိသူက ဝေဖန်လိုက်ကြောင်း CNI က ဖော်ပြထားသည်။ လွိုင်ကော်မြို့နယ်တွင် ကယားပြည်နယ်၏ အမျိုးသားဒီမိုကရေစီပါတီသစ် - NDF ဥက္ကဌ ဦးဟန်သာသည် ယနေ့သြဂုတ်လ ၁၄ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း Burma Associated Press က ဖော်ပြထားသည်။ NDF ပါတီသည် ကြံ့ခိုင်ရေးပါတီနှင့် မဟာမိတ်ဖြစ်ပြီး စစ်ကောင်စီနှင့်နီးစပ်သောပါတီတစ်ခုလည်းဖြစ်သည်။
ရန်ကုန်မြို့ရှိ ဆေးဝါးသိုလှောင်သည့် ဂိုဒေါင် ၃၁ လုံးအား စျေးကစားသည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက အရေးယူသည့်အနေဖြင့် ချိတ်ပိတ်ထားကြောင်း Myanmar Now က ဖော်ပြထားသည်။ အဆိုပါဂိုဒေါင်များပိတ်ခံထားရခြင်းကြောင့် စျေးကွက်အတွင်း ဆေးဝါးဖြန့်ဖြူးမှုများ နှောက်နှေးကြန့်ကြာနေရကြောင်း ဝေဖန်နေကြပါသည်။ အာဏာသိမ်းမှုပြီးနောက်ပိုင်း ခြောက်လအတွင်း မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံဘက်သို့ ဖြတ်ကျော်ဝင်ရောက်သူ ၈၄၈၆ ကျော်ရှိပြီး ၅၇၉၆ ဦးအား မြန်မာနိုင်ငံဘက်သို့ ပြန်ပို့ခဲ့ကြောင်း အိန္ဒိယသတင်းဌာန mint ကဖော်ပြထားသည်။



Comments
Post a Comment