၁၅-၁၆ ဩဂုတ်၊ ၂၀၂၁

 

ကိုဗစ်ကပ်ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများအား လုပ်ငန်းခွင်ပြန်ဝင်ရန် ကြိုဆိုနေကြောင်း ထောင်သားများအားပြန်လွတ်ပေးကြောင်း စစ်ကောင်စီက ပြောဆိုသော်လည်း တစ်ဖက်တွင် CDM ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးမှုများဆက်လက်လုပ်ဆောင်နေသည်ကိုတွေ့ရသည်။ စစ်ကိုင်းတိုင်း ဘုတလင်မြို့ရှိ CDM သွားဘက်ဆိုင်ရာဆရာဝန် ဦးဆန်းဝင်းထွန်းနှင့် တရားရုံးစာရေး တစ်ဦးတို့အား ဩဂုတ် ၁၃ ရက်နေ့က စစ်ကောင်စီတပ်များက ရိုက်နက်ဖမ်းဆီးခဲ့ကြောင်း DVB က ဖော်ပြထားသည်။ 

အလားတူပင် သြဂုတ်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ဒလန်သတင်းပေးမှုကြောင့် ကလေးမြို့နယ်တွင် CDM ဆရာမ ၃ ဦးနှင့် ရာဇဂြိုလ်ရွာသား ၆ ဦးတို့အား ဖမ်းဆီးသွားကြောင်း Zalen က ဖော်ပြထားသည်။ ထို့အပြင် သြဂုတ်လ ၁၆ ရက်နေ့က မကွေးတိုင်း တောင်တွင်းကြီးမြို့တွင် စစ်ကောင်စီတပ်များက အလိုရှိသူအားရှာမတွေ့သဖြင့် ၎င်း၏နေအိမ်ရှိ မိဘများအပါအဝင် မိသားစုဝင် ၅ ဦးအား ဓါးစားခံအနေဖြင့် ဖမ်းဆီးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။

သြဂုတ်လ ၁၅ ရက်နေ့က စတင်ရောင်းချသော ထီရောင်းချမှုသည် အောင်မြင်ခဲ့ကြောင်း NUG စီမံကိန်း ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက Burma VJ Media ကို ပြောဆိုခဲ့သည်။ အစမ်းသဘောဖြင့် ထီလက်မှတ် ၅ သောင်းအား စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ၁ နာရီအတွင်း ရောင်းကုန်သွားကြောင်းလည်း သိရသည်။ အဆိုပါထီရောင်းချသူများနှင့် ငွေကြေးလွှဲပြောင်းမှုများအား စုံစမ်းစစ်ဆေး၍ အရေးယူရန် ဘဏ်များ ငွေရေးကြေးရေးကုမ္ပဏီများနှင့် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုပေးသူများထံပေးပို့ထားသော ဗဟိုဘဏ်၏ ညွှန်ကြားချက်တစ်စောင် အင်တာနက်တွင် ပြန့်နှံ့လာခဲ့သည်။ ထုတ်ပြန်ထားကြောင်း ဘဏ်အသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်သို့

သြဂုတ် ၁၅ ရက်နေ့က Arakkha Media နှင့်ပြုလုပ်သော အင်တာဗျူးတွင် ရက္ခိုင့်တပ်တော်(ULA/AA) ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်းတို့အနေဖြင့် မွတ်ဆလင်များအား ၎င်းတို့၏ အုပ်ချုပ်ရေးဆိုင်ရာနေရာများနှင့် ရဲလုပ်ငန်းများတွင် ပါဝင်လာစေရန် အစီစဥ်ရှိကြောင်း ၎င်းတို့အနေဖြင့် ကိုဗစ်ကာလနှင့် မိုးတွင်းကာလအတွင်း ပြည်သူများဒုက္ခမရောက်စေရေးအတွက် တိုက်ပွဲများအားဖြစ်နိုင်သမျှရှောင်ရှားနေကြောင်း စစ်ကောင်စီနှင့် ယာယီအပစ်ရပ်စဲရေး သဘောတူညီထားသည်မှလွဲ၍ အခြားသော သဘောတူညီမှုများမရှိကြောင်း ပြောဆိုခဲ့သည်။ ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက တပ်အင်အားများ ရွေးပြောင်းခြင်း ဖြည့်တင်းနေခြင်းများ ပြုလုပ်နေကြောင်း သတင်းများလည်းထွက်လာသည်။ 

မန္တလေးမြို့ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် သံဃာတော်များ ထားရှိ၍ စောင့်ကြပ်ခိုင်းရန် အမိန့်ထုတ်ပြန်ထားမှုအား သံဃာတော်အများစုက သဘောမတူခြင်းကြောင့် ပြန်လည်ရပ်သိမ်းလိုက်ပီဖြစ်ကြောင်း မန္တလေးတိုင်းသံဃမဟာနာယကအဖွဲ့က BBC ကို ပြောဆိုခဲ့သည်။ စစ်ကောင်စီတို့နှင့် အစည်းအဝေးပြုလုပ်ပီးနောက် မြို့နယ်သံဃနာယကအဖွဲ့က ကိုဗစ်စစ်ဆေးရေးဂိတ်တိုင်းတွင် သံဃာတော် ၃ ပါး နေ့စဉ်စောင့်ကြည့်ရန် သြဂုတ်လ ၁၂ ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်မတော် (CNA/F) ဌာနချုပ် Camp Victoria တွင် တပ်သားများအား အိန္ဒိယနိုင်ငံထုတ် COVISHIELD အား ပထမအသုတ်အဖြစ်ထိုးနှံပေးနေကြောင်း Chin World က ဖော်ပြထားသည်။ ချင်းပြည်နယ် မင်းတပ်မြို့နယ် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၁၆ တွင် စစ်ကောင်စီတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် CDF မင်းတပ်နှင့် သြဂုတ်လ ၁၆ ရက် ညနေက အပြင်းအထန်တိုက်ပွဲများဖြစ်ပွားနေကြောင်း CDF အဖွဲ့ဝင်တစ်ဦးက Khit Thit ကိုပြောဆိုခဲ့သည်။ ပုဒ်မ ၅၀၅ (က) ဖြင့်အမှုဖွင့်ခံထားရပြီး ပဲခူးရှိအကျဥ်းထောင်တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရသော ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေသည် ကိုဗစ်ရောဂါဖြင့် သြဂုတ်လ ၁၆ ရက်နေ့မနက်က သေဆုံးခဲ့ကြောင်း Voice of Myanmar က ဖော်ပြထားသည်။

Comments

Popular Posts