၁၇-၁၈ ဩဂုတ်၊ ၂၀၂၁
အာဏာသိမ်းပြီး ခြောက်လကျော်ကာလအတွင်း CDM တွင် ပါဝင်လာသည့် တပ်မတော်သား ၁၅၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း CDM ဗိုလ်ကြီးအဖြစ်လူသိများသော ဗိုလ်ကြီးလင်းထက်အောင်က Myanmar Now ကို ပြောဆိုခဲ့သည်။ အများစုသည် အောက်ခြေတပ်သားအဆင့်နှင့် တပ်ကြီးကြီးအဆင့်ဖြစ်ပြီး အရာရှိအဆင့် ရာဂဏန်းအထိပါဝင်ကြောင်း သိရသည်။ သြဂုတ်လ ၁၇ ရက်ညက မန္တလေးတိုင်း သရက်မြို့ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၁၂) မှ စစ်သား ၁၅ ဦးထက်မနည်း ၎င်းတို့၏ လက်နက်များနှင့်တကွ ထွက်ပြေးသွားကြောင်း Mizzima က ဖော်ပြထားသည်။ ၎င်းတို့၏ တပ်မှ ဆန္ဒပြသူများအား ဖြိုခွင်းရန်ညွှန်ကြားချက်ထွက်လာပြီးနောက် ထွက်ပြေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် သြဂုတ်လ ၁၇ ရက်နေ့က မင်းတပ် CDF နှင့်စစ်ကောင်စီတပ်ဖွဲ့တို့၏တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကတပ်သားတစ်ဦး ထွက်ပြေးတိမ်းရှောင်လာကြောင်း Chin World က ဖော်ပြထားသည်။ ဟားခါးမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦးလည်း CDM ပြုလုပ်၍ CDF-Patetwa သို့ ပူးပေါင်းခဲ့ကြောင်း Zalen က ဖော်ပြထားသည်။
သတင်းစာဆရာ ဦးစည်သူအောင်မြင့်သည် သြဂုတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တိုက်ခန်းတခုတွင် အဖမ်းခံခဲ့ရကြောင်း သိရသည်။ ၎င်းနှင့်အတူရှိနေသော BBC ၏ သတင်းထောက်အမျိုးသမီးတစ်ဦးလည်း ဖမ်းဆီးခံရကြောင်း Irrawaddy ကဖော်ပြထားသည်။ ရန်ကုန်မြို့ ၄၄ လမ်းဖြစ်စဥ်တွင် သေဆုံးသွားပီဖြစ်ကြောင်း အများကမှတ်ယူခဲ့သော ကောင်းမင်းသန့်သည် သေဆုံးခြင်းမရှိဘဲ KNU ထိန်းချုပ်ရာနယ်မြေသို့ ထွက်ပြေးလွှတ်မြောက်သွားကြောင်း ၎င်းက လူမှုကွန်ယက်တွင် live လွှင့်၍ ပြောဆိုခဲ့သည်။ DVB နှင့် ပြုလုပ်သော အင်တာဗျူးတွင် ၎င်းအနေဖြင့် တိုက်ခေါင်မိုးပေါ်တွင် ညလုံးပေါက် ပုန်းခိုနေသဖြင့် လွှတ်မြောက်သွားခြင်းဖြစ်ကြောင်း ဗိုလ်တစ်ထောင်ရဲစခန်းက ၎င်း၏ရုပ်အလောင်းလိုချင်ပါက ၂၆ သိန်းပေးရမည်ဟု ၎င်း၏ မိသားစုဝင်များအားလိမ်လည်တောင်းဆိုခဲ့ကြောင်း ပြောဆိုခဲ့သည်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့ တွင် သြဂုတ် ၁၇ ရက်နေ့က နှာခေါင်းစည်းလိုက်လံဝေနေသော စစ်ကောင်စီစစ်သားတစ်ဦးနှင့် နှာခေါင်းစည်းမတပ်သော ကိုဇော်မျိုးမြင့်တို့ အပြန်အလှန်စကားများကြရာမှ စစ်သားက သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။ အဆိုပါပစ်ခတ်မှုကြောင့် ဇော်မျိုးမြင့်အပါအဝင် အနီးအနားရှိ အမျိုးသမီးတစ်ဦး နှလုံးရပ်သေဆုံးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ သြဂုတ်လ ၁၈ ရက်နေ့က စစ်ကောင်စီသည် NLD ပါတီမှ ဒီပဲယင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးဝင်းမြင့်အောင် ဒေါ်နှင်းခိုင်စိုးနှင့် ဦးမိုးမင်းဝင်းတို့၏ နေအိမ်များကို ဝင်ရောက်စီးနင်းခဲ့ပြီး ၎င်းတို့ကို မတွေ့သဖြင့် မိသားစုဝင်များကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Khit Thit က ဖော်ပြထားသည်။
NUG ၏ ယာယီသမ္မတက တိုက်ပွဲစတင်မည့်ရက်အား ညှိနှိုင်းသတ်မှတ်ပြီးနောက် NUG ၏ အစိုးရအဖွဲ့သို့ ပြန်လည်တင်ပြ၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၁၇ ရက်နေ့က ပြုလုပ်သော NUG အစည်းအဝေးတွင် ပြောဆိုခဲ့သည်။ သြဂုတ် ၁၈ ရက်နေ့က စစ်ကောင်စီပြုလုပ်သော အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင်က နေပြည်တော်မြို့တွင် လူဦးရေ သန်း ၂၀ ခန့်တိုးပွားလာစေရန် မြေအောက်မီးရထားများနှင့် လျှပ်စစ်ကားပြေးဆွဲမှုများ အကောင်အထည်ဖော်ရန်ပြောဆိုခဲ့သည်။ စစ်ခေါင်းဆောင်၏ ပြောဆိုမှုသည် လက်တွေ့နဲ့ကင်းကွာနေပြီး အလွန်အမင်းကျဆင်းနေသော မြန်မာနိုင်ငံ၏ စီးပွာရေးအခြေအနေကို လျစ်လျူရှုသည့် ပြောဆိုမှုဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံကိုယ်စားပြုအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂတွင် ၎င်း၏နေရာဆက်လက် ရရှိရေးနှင့် NUG အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုစေရေးတို့အတွက် ကုလသမဂ္ဂသို့ လက်မှတ်ထိုးတောင်းဆိုမှုတွင် အရှေ့တီမောနိုင်ငံသမ္မတဟောင်း ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် Jose Ramos-Horta မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း Derek Mitchell ဆွစ်ဇာလန် နိုင်ငံ အမျိုးသား ကောင်စီ အဖွဲ့ဝင် ဆွစ် မြန်မာ အသင်း ဥက္ကဋ္ဌ နှင့် မြန်မာမိတ်ဆွေများအဖွဲ့ဝင် Ms. Laurence Fehlmann Rielle တို့အပါအဝင် လူဦးရေ ၁၅၆၀၀၀ ကျော်ပါဝင်လက်မှတ်ရေးထိုးကြကြောင်း Irrawaddy က ဖော်ပြထားသည်။
Comments
Post a Comment