၁၉-၂၀ ဩဂုတ်၊ ၂၀၂၁

 

NUG မှ လုံခြုံရေးအာမခံချက်ပေးနိုင်ပါက တစ်လအတွင်း CDM ပြုလုပ်မည့် စစ်သား ၅၀၀ ခန့်ရှိနေကြောင်း CDM ဝင်ရောက်လိုသည့် တပ်ဖွဲ့ဝင်များအား ကူညီပေးနေသော စစ်သားများက ပြုလုပ်ထားသော People’s Soldiers ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ သြဂုတ်လ ၁၈ နှင့် ၁၉ ရက်နေ့တို့တွင် မကွေးတိုင်း သရက်မြို့တွင် စစ်သား ၁၅ ယောက်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့တွင် စစ်သား ၂၅ ဦးတို့ ၎င်းတို့၏ လက်နက်များဖြင့် တပ်အတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု ဒေသခံများထံမှသိရှိရကြောင်း သတင်းမီဒီယာများက ဖော်ပြထားသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီအနေဖြင့် တပ်သားသစ်ရှာဖွေရသည့် အခက်အခဲကြုံတွေ့နေရပြီး မိမိဆန္ဒဖြင့် တပ်တွင်းဝင်ရောက်သူရှားပါးသဖြင့် လူသစ်တစ်ဦးလျင် ၂၅ သိန်းခန့်အထိပေး၍ စည်းရုံးသိမ်းသွင်းနေရကြောင်း Myanmar Press Agency က ဖော်ပြထားသည်။ အာဏာမသိမ်းမှီကာလက လူသစ်တစ်ဦးလျင် ပညာအရည်အချင်းပေါ်မူတည်၍ ၅သိန်းမှ ၁၅သိန်းထိပေး၍ စည်းရုံးရကြောင်း သိရသည်။ CDM ပါဝင်သော ဝန်ထမ်းများများပြားသဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး နေရာ ၂၀၀ အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များဖြင့် အစားထိုးခန့်အပ်ရန်အတွက် ရုံးတွင်းအမိန့်စာများ ဖြန့်ဝေခြင်းဖြင့် ကြိုးပမ်းလျက်ရှိကြောင်း Myanmar Now က ဖော်ပြထားသည်။

သြဂုတ် ၂၀ရက် မနက် ၈နာရီ မှစ၍ NUG က Radio NUG ရေဒီယိုလိုင်းကို စတင်စမ်းသပ်ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။ ရေဒီယိုဝယ်ယူမှုများအလွန်များပြားနေခြင်းကြောင့် စျေးကွက်အတွင်း စျေးတက်ခြင်းများပင်ဖြစ်ပေါ်နေကြောင်း BBC က ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စျေးဆိုင်များတွင် ရေဒီယိုများအား လိုက်လံသိမ်းဆီးနေကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။ သြဂုတ်လ ၁၉ ရက်နေ့က မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ယာအနီးတွင် စစ်ကောင်စီခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးထံတွင် ဧည့်စာရင်းတိုင်ကြားမှုများ ပြုလုပ်နေကြစဥ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူလေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်သက်သေများက RFA ကိုပြောဆိုခဲ့သည်။ 

သြဂုတ် ၁၉ ရက်နေ့က မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ ပြည်သူ့ကာကွယ်တပ်ဖွဲ့ (PDF) ၏ စခန်းတခုသည် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ခန့်ဖြင့် စီးနင်းတိုက်ခိုက်ခံခဲ့ရကြောင်း Irrawaddy က ဖော်ပြထားသည်။ တိုက်ခိုက်မှုကြောင့် သေဆုံးမှုများမရှိသော်လည်း လက်လုပ်သေနတ် ၁၅ လက်ခန့်အပါအဝင် အခြားသော ပစ္စည်းများနှင့် ဆန်ရိက္ခာများ သိမ်းဆည်းခံရကြောင်းသိရသည်။ သြဂုတ်လ ၂၀ ရက်မနက်မှစ၍ မူဆယ်မြို့နယ် ပန်ဆိုင်းမြို့ရှိ ရဲစခန်းအပါအဝင် နေရာအချို့တွင် ကိုးကန့်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားနေကြောင်း Shwe Phee Myay က ဖော်ပြထားသည်။ 

CDF-Mindat နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြားတိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသော ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်ကောင်စီတပ်သားများက မြို့အတွင်းသို့ ဆန်သယ်ယူခွင့်ကို ကန့်သတ်ထားလိုက်ပြီး လူတစ်ဦးလျင် ဆန် ၁၀ပြည်သာ သယ်ယူခွင့်‌ပြု‌သဖြင့် ဒေသခံများအခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း Mizzima က ဖော်ပြထားသည်။ မင်းတပ်မြို့နယ်အတွင်းတွင် စစ်ဘေးရှောင်တစ်သောင်းကျော်ရှိနေကြောင်း ကူညီကယ်ဆယ်ရေးပြုလုပ်နေသော အဖွဲ့များထံမှသိရှိရသည်။ 

ရခိုင်တပ်မတော် AA လက်နက်ကိုင်အဖွဲ့မှ ပြုလုပ်နေသော စစ်သင်တန်းမှ ပလက်၀ဒေသခံအများအပြားထွက်ပြေးသွားခြင်းကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ပီချောင်းဒေသရှိ ကျေးရွာများတွင် ရွာသားများအား AA တပ်ဖွဲ့ဝင်များက ခြိမ်းခြောက်၍ မြေလှန်ရှာဖွေမှုများပြုလုပ်နေကြောင်း Chin World က ဖော်ပြထားသည်။ ပီချောင်းဒေသရှိ ရွာတိုင်း တစ်ရွာလျင် လူသုံးဦးစီ အဆိုပါသင်တန်းသို့ မတက်မနေရ အတင်းအဓမ္မခေါ်ယူခဲ့ကြောင်း သင်တန်းအတွင်း အစာအငတ်ထားခြင်းနှင့် နိုင့်ထက်စီးနင်းမှုများကြောင့် ထွက်ပြေးရခြင်းဖြစ်ကြောင်း ထွက်ပြေးသူများ၏ မိသားစုဝင်များက ပြောဆိုသည်။

NUG အနေဖြင့် မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်က ကျူးလွန်နေသည့် ရာဇဝတ်မှုများအား ရုံးတင်စစ်ဆေးအရေးယူနိုင်ရန်အတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း သြဂုတ် ၂၀ ရက် ရက်စွဲဖြင့် စာထုတ်ပြန်လိုက်သည်။ နိုင်ငံတကာရာဇဝတ်ခုံရုံး စာချုပ်၏ ပုဒ်မ ၁၂ (၃) နှင့်အညီ လက်ခံလွှာကို ICC မှတ်ပုံတင်အရာရှိထံ ဇူလိုင် ၁၇ ရက်နေ့ကပင် လွှဲပြောင်းခဲ့ကြောင်း အဆိုပါကြေညာချက်ထဲတွင် ဖော်ပြထားသည်။

Comments

Popular Posts