၂၃-၂၄ ဩဂုတ်၊ ၂၀၂၁
PDF များအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စစ်မျက်နှာနှစ်ခုမှ တိုက်ပွဲဆင်နွဲသွားမည်ဖြစ်ကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောဆိုပီးနောက် ရန်ကုန်မြို့အတွင်း ဖမ်းဆီးမှုများ များပြားခဲ့ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များရှိ KNU ထိန်းချုပ်နယ်မြေများအနီးတွင် စစ်ကောင်စီမှ အင်အားတိုးခဲ့မှုများ ပြုလုပ်နေကြောင်း သိရသည်။ သြဂုတ်လ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် စမ်းချောင်း အလုံ သာကေမြို့နယ်များအပါအဝင် ရန်ကုန်မြို့အတွင်း ဖမ်းဆီးစစ်ဆေးမှုများ အများအပြားပြုလုပ်နေပြီး ၂ ရက်အတွင်း လူ ၃၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက RFA ကို ပြောဆိုခဲ့သည်။
KNLA တပ်မဟာ (၆) ၏ ထိန်းချုပ်နယ်မြေဖြစ်သော ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးတွင် သြဂုတ်လ ၂၃ ရက်နေ့မှ စ၍ KNLA နှင့် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIC Media က ဖော်ပြထားသည်။ စစ်တပ်၏ ဒုတိယစစ်ဦးစီးချုပ်ကိုယ်တိုင် မွန်ပြည်နယ် သထုံမြို့သို့ရောက်ရှိလာပီး စစ်ဆင်ရေးကွပ်ကွဲမှုဆိုင်ရာကိစ္စများအားကို ညွှန်ကြားနေကြောင်း KNU တပ်မဟာ ၁ မှ ဗိုလ်မှူးကြီးအဆင့်ရှိသူက Salween Press သို့ပြောဆိုခဲ့သည်။ သထုံသို့မလာရောက်ခင် သြဂုတ်လ ၁၉ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်လာပီး တပ်မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။ မြန်မာထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးမြို့ မြဝတီမြို့အား KNU နဲ့ PDF တပ်ဖွဲ့များက သိမ်းယူရန်ပြင်ဆင်နေကြောင်း သတင်းပေါက်ကြားခဲ့သဖြင့် KNU တပ်မဟာ ၅၊ ၆ နှင့် ၇ တို့အား ထိုးစစ်ဆင်ရန် စစ်တပ်အနေဖြင့် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
ရန်ကုန် မန္တလေးအပါအဝင် မြို့အချို့တွင် အသံချဲ့စက်များဖြင့် ဝါဒဖြန့်မှုများပြုလုပ်နေကြောင်း လူမှုကွန်ယက်အသုံးပြုသူများက ရေးသားထားကြသည်။ NUG နှင့် PDF တို့သည် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ကြောင်း Covid-19 အား ဇီဝလက်နက်အဖြစ်အသုံးပြုနေကြောင်း NLD ပါတီဝင်များသည်လည်း အကြမ်းဖက်မှုများပြုလုပ်နေကြောင်း ပြည်သူများအနေဖြင့် ၎င်းတို့နှင့်ပူးပေါင်းခြင်းမပြုကြရန် မြို့များတွင် လိုက်လံကြေညာနေခြင်းဖြစ်သည်။ ထို့အပြင် နေပြည်တော်တွင် ကျင်းပခဲ့သော စစ်ကောင်စီအစည်းအဝေးတွင် ကော်မတီဝင်များက NUG CRPH များနှင့်ပတ်သက်၍ သတင်းပေးသူများအား ဆုကြေးငွေချီးမြှင့်ရန် အာဏာသိမ်းခေါင်းဆောင်အား တောင်းဆိုခဲ့ကြောင်း Burma Associated Press က ဖော်ပြထားသည်။
ကရင်ပြည်နယ်တွင် စစ်ရေးတင်းမာနေစဥ် ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း ကေအိုင်အိုဗဟိုကော်မတီက အချက် ၅ ချက်ပါသော ကြေညာချက်အား သြဂုတ်လ ၂၄ ရက်နေ့က ကချင်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးရွားစွာ ပြင်းထန်လာမှုကြောင့် ပြည်သူလူထုအနေဖြင့် ခိုကိုးရာမဲ့ဖြစ်နေသည်အား KIO မှ စိတ်မကောင်းဖြစ်ရကြောင်းလည်း ၎င်းတို့အနေဖြင့် စစ်ပွဲများကို ရှောင်ရှားကာ နိုင်ငံရေးပြသာနာများကို မှန်ကန်သည့် နည်းလမ်းဖြင့် ဖြေရှင်းသွားရန် မျှော်လင့်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းတို့အနေဖြင့် တိုင်ပင်စရာရှိသောအဖွဲ့အစည်းများအားလုံးနှင့် တိုင်ပင်ဆွေးနွေးခြင်းဖြင့် စစ်မှန်သောအဖြေရှာသွားရန် ဆန္ဒရှိကြောင်း ကေအိုင်အေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောဆိုခဲ့သည်။
ထို့အပြင် ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် စစ်တပ်က အင်အားတိုးချဲ့မှုများပြုလုပ်နေပြီး အဆိုပါအခြေအနေများအား ရက္ခိုင့်တပ်တော်(AA) အနေဖြင့် အနီးကပ်စောင့်ကြည့်နေကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG သို့ သြဂုတ်လ ၂၄ ရက်နေ့က ပြောဆိုခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း သြဇာကြီးမားလာသော AA အား တန်ပြန်ရန်အတွက် စစ်အင်အားတို့ချဲ့ခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများလည်းရှိနေသည်။
သြဂုတ်လ ၂၃ ရက်နေ့ကမှစ၍ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် တမူး PDF က စစ်ကောင်စီအခြေစိုက်စခန်းအချို့အား ခြုံခိုတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၇ ဦးခန့်သေဆုံးကြောင်း PDF တမူး၏ တာဝန်ရှိသူတစ်ဦးက Mizzima ကိုပြောဆိုသည်။ ထို့အပြင် မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် ဒေသခံ PDF တပ်ဖွဲ့ဝင်များ၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဥ်တန်းအချို့ထိခိုက်ခဲ့ပြီး ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျပ်တည်းမှု အလုပ်အကိုင်ရှားပါးမှုများကြောင့် ကျောက်ကပ်ထုတ်ရောင်းရန် ကြိုးစားသူများရှိလာကြောင်း RFA က ဖော်ပြထားသည်။ မကွေး၊ ဧရာဝတီ၊ နေပြည်တော်မြို့များအပါအဝင် ဒေသအသီးသီးမှ လူ ၂၀ ဦးခန့် ၎င်းတို့၏ ကျောက်ကပ်ထုတ်ရောင်းရန်အတွက် လူမှုကွန်ယက်တွင် ရေးသားထားကြသည်ကို တွေ့ရှိရကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။



Comments
Post a Comment