၁-၂ ဩဂုတ်၊ ၂၀၂၁
အာဏာသိမ်းမှု ၆ လပြည့်သော သြဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီက အိမ်စောင့်အစိုးရဖွဲ့စည်းလိုက်ကြောင်း ကြေညာလိုက်ပြီး လက်ရှိစစ်ခေါင်းဆောင်သည် ဝန်ကြီးချုပ်ရာထူးဖြင့် ၂၀၂၃ ခုနှစ် သြဂုတ်လအထိ နိုင်ငံကိုအုပ်ချုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ၎င်းလက်အောက်ရှိ ဝန်ကြီးဌာနများနှင့် ဝန်ကြီးနေရာအချို့ကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့ပြီး အရပ်သားအချို့အား ပြည်နယ်နှင့်တိုင်းများရှိ တိုင်းရင်းသားရေးရာဝန်ကြီးများအဖြစ်လည်းကောင်း ဗိုလ်မှူးကြီးအများအပြားအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။
အိမ်စောင့်အစိုးရဖွဲ့စည်းမှုသည် စစ်တပ်ကိုယ်တိုင်ရေးဆွဲထားသော ၂၀၀၈ ခြေဥနှင့်ပင် ကိုက်ညီမှုမရှိကြောင်း စစ်တပ်သည် နိုင်ငံအား နှစ်ပေါင်းများစွာ အုပ်ချုပ်နိုင်ရန် အတွက် ပြင်ဆင်သည့် ခြေလှမ်းဖြစ်ကြောင်း ဝေဖန်နေကြသည်။ အိမ်စောင့်အစိုးရသည် မည်သည့်တည်ဆဲဥပဒေနှင့်မှ ညီညွှတ်ခြင်းမရှိသောကြောင့် အကြမ်းဖက် အဖွဲ့အစည်းဖြစ်ကြောင်း NUG က သြဂုတ်လ ၂ ရက်နေ့က ကြေညာလိုက်သည်။
ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ်တွင်ရှိသော ယောနယ်တွင် တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် မော်တော်ကားများ ညအချိန်တွင် ဖြတ်သန်းသွားလာမှုမပြုရန် Yaw Defense Force က သြဂုတ်လ ၁ ရက်နေ့က ကြေညာလိုက်သည်။ YDF သည် CDF-Mindat နှင့်လည်း မဟာမိတ်ဖွဲ့စည်းလိုက်ကြောင်း ယခင်ရက်အနည်းငယ် အတွင်းက ကြေညာထားသည်။ ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် လှုပ်ရှားနေသော CDF-Hakha အဖွဲ့က Surkhua ဆူရ်ခွါးမြို့တွင် တာဝန်ထမ်းဆောင်နေသော Catholic Rev. Fr. Noel Hrang Tin Thang နှင့် Saya Cung Hnin တို့အား စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုရှိခြင်း သတင်းပေးခြင်းတို့ကြောင့် ဇူလိုင် (၂၆) တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ၎င်းတို့အနေဖြင့် သက်သေအခိုင်အမာရရှိထားသည်ဟုဆိုသော်လည်း ဘာသာရေးခေါင်းဆောင်များအား ဖမ်းဆီးမှုအပေါ် ထောက်ခံသူနှင့် ကန့်ကွက်သူများအကြား အငြင်းပွားမှုများရှိနေပြီး ဘာသာရေးအမုန်းပွားမှုများမဖြစ်ပေါ်စေရန် PDF အဖွဲ့များနာမည်ထိခိုက်မှု မရှိစေရန်အတွက် ၎င်းတို့အား ပြန်လည်လွတ်ပေးရန်လိုအပ်ကြောင်း တောင်းဆိုမှုများလည်းရှိနေသည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးတို့ သြဂုတ်လ ၁ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း Khit Thit က ဖော်ပြထားသည်။ ၎င်းသည် ရန်ကုန်မြို့ လှိုင်ယာသာမြို့နယ်တွင် အရပ်သား ၁၀၀ ဝန်းကျင်ခန့်အသတ်ခံရစဥ်က လှိုင်သာယာမြို့နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူထားသူဖြစ်ပြီး မေလတွင် ကချင်ပြည်နယ်သို့ ပြောင်းရွှေ့လာသူဖြစ်သည်။
စစ်ကောင်စီသည် ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်အပါအဝင် ဖမ်းဆီးထားသော CDM ပြုလုပ်သူ ဝန်ထမ်းအချို့နှင့် ဆန္ဒပြသူအချို့အား အမှုစွဲဆိုထားမှုများ ရုတ်သိမ်း၍ သြဂုတ်လ ၂ ရက်နေ့က လွှတ်ပေးခဲ့သည်။ တချိန်တည်းတွင် စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအား ပြင်ဆင်သည့် ဥပဒေတရပ်ကိုပြဌာန်းလိုက်ပြီး NUG PDF နှင့် ဆက်စပ်သူများအား ပိုမိုပြင်းထန်စွာအရေးယူနိုင်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုနေကြသည်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ ရိုဟင်ဂျာရွာတစ်ရွာဖြစ်သော လက်မရွာအား AA တပ်ဖွဲ့ဝင် ၃၀၀ ကျော်က ဇူလိုင်လ ၂၄ ရက်နေ့က ဝိုင်းဝန်းပိတ်ဆို့ထားပြီး ရွာသားများအား ဖမ်းဆီးမှုများပြုလုပ်ခြင်းကြောင့် စိုးရိမ်ပူပန်ကြောင်း Burma Campaign UK က သြဂုတ်လ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ AA ဘက်က တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအား သြဂုတ်လ ၂ ရက်နေ့က စတင်ကျင်းပနေပြီး အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အာစီယံအထူးကိုယ်စားလှယ်ခန့်အပ်နိုင်ရေး ဆုံးဖြတ်ချက်ချနိုင်ဖွယ်ရှိကြောင်း သတင်းမီဒီယာများက ဖော်ပြကြသည်။ အထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ဖြစ်လာနိုင်သည်ဟု သတင်းများထွက်နေသည်ဟု Reuter က ဖော်ပြထားသည်။ စစ်ကောင်စီကမူ ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း Virasakdi Futrakul အား လိုလားကြောင်း သြဂုတ်လ ၁ ရက်နေ့က ပြောဆိုခဲ့သည်။
Comments
Post a Comment