၃-၄ ဩဂုတ်၊ ၂၀၂၁
လက်ရှိ နယူးယောက်မြို့တွင်ရှိနေသော CDM ပြုလုပ်ထားသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ၎င်းအပေါ် သိသာထင်ရှားသည့် ခြိမ်းခြောက်မှုတစ်ခုရှိခဲ့ဟု သြဂုတ် ၄ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ရိုက်တာက ဖော်ပြထားသည်။ အမေရိကန်အစိုးရက ၎င်း၏ လုံခြုံရေးအတွက် တိုးမြှင့်လုပ်ဆောင်ပေးနေကြောင်းလည်း သိရသည်။ ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်း အမှုဖွင့်ခံရသူများအား အမှုပိတ်သိမ်းခြင်း ရုတ်သိမ်းပေးနိုင်ခြင်းတို့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသော သတင်းစာက သြဂုတ်လ ၃ ရက်နေ့က ကြေညာခဲ့သည်။
ပဲခူးတိုင်း ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တဦးဖြစ်သူ ကိုမင်းမင်းထွန်းအား ဖခင်ဖြစ်သူ၏ နာရေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း မိသားစုနှင့် နီးစပ်သူများက Khit Thit သို့ ပြောဆိုခဲ့သည်။ စစ်ကောင်စီ၏ ဖမ်းဝရမ်းထုတ်ခံထားရသော ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကျော်အောင်သည်လည်း ကိုဗစ်ကာကွယ်ဆေးသွားရောက်ထိုးနှံချိန်တွင် ဖမ်းဆီးခံခဲ့ရကြောင်း DVB က ဖော်ပြထားသည်။
စစ်ကိုင်းတိုင်း ကင်းမရွာမှ ကံမရွာသို့ ဆေးကုသရန် သွားရောက်သော ရန်ကုန်သူနာပြုတက္ကသိုလ်မှ ကျောင်းသူတစ်ဦးအပါအဝင် လူလေးဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက သြဂုတ်လ ၂ ရက်က ဖမ်းဆီးသွားသည်ဟု ဒေသခံများထံက Khit Thit သို့ပြောဆိုခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်ဒေသများတွင် စစ်ပညာသင်ကြားနေသော လူငယ်များထံသို့ ကိုဗစ်ရောဂါကူးစက်မှုများရောက်ရှိနေပီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။ မြို့ပေါ်ကသင်တန်းလာတက်သော လူငယ်တွေဆီမှတစ်ဆင့် တောထဲတွင်ရှိနေသော သင်တန်းသားများအား ကူးစက်ခြင်းဖြစ်ကြောင်း သိရသည်။
သြဂုတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ၎င်းတို့အနေဖြင့် ကိုဗစ်ကူးစက်ရောဂါအား ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင်က ပြောဆိုခဲ့သည်။ ရန်ကုန်မြို့တွင် သေဆုံးမှုများအနည်းငယ်ကျဆင်းလာသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူအများအပြားရှိနေကြောင်း သတင်းမီဒီယာများက ဖော်ပြကြသည်။ ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းလိုက်သည့် စစ်ကောင်စီ၏ လုပ်ရပ်အား ထောက်ခံပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ (၂၈) ပါတီက ၂၀၂၁ ခုနှစ် ဩဂုတ်လ (၄) ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မြန်မာမူဆလင်ပရဟိတအသင်းများက ဦးဆောင်၍ နိုင်ငံခြားမှ အောက်ဆီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများအား မှာယူပြီး အမြတ်မတင်ဘဲ ရောင်းချမှုများ ပြုလုပ်နေသဖြင့် စျေးကွက်အတွင်းတွင် အဆမတန်မြင့်တက်နေသော အောက်ဆီဂျင်အိုးများ၏ စျေးနှုန်းများ ကျဆင်းလာကြောင်း အွန်လိုင်းအသုံးပြုသူများက ရေးသားနေကြသည်။ ကိုးဗစ်တတိယလှိုင်းအတွင်း ၈ သိန်းခန့်အထိ ပေါက်စျေးရှိနေသော အောက်ဆီဂျင်အိုးများအား ၎င်းတို့က ၂ သိန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း Myanmar Muslim Aid ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
သြဂုတ်လ ၂ ရက်နေ့ သန်းခေါင်းအချိန်တွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အခြေစိုက် ခ.လ.ရ ၅၈ အား KIA တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်နေကြောင်း သတင်းများထွက်ပေါ်လာသည်။ သို့သော် KIA ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့အနေဖြင့် သွားရောက်တိုက်ခိုက်ခြင်းမှရှိဘဲ စစ်ကောင်စီတပ်သားများက ကြောက်လန့်၍ ရမ်းသမ်းပစ်ခတ်နေကြခြင်းသာဖြစ်ကြောင်း သြဂုတ်လ ၃ ရက်နေ့က KNG မီဒီယာသို့ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းများအား လွှမ်းမိုးထားနိုင်သော AA သည် တရားစီရင်ရေးကဏ္ဏအတွက်လည်း ဥပဒေများရေးဆွဲပြီးဖြစ်သောကြောင့် တရားရေးဌာနကိုစတင်အကောင်အထည်ဖော်နေပီဖြစ်ကြောင်း Development Media Group က ဖော်ပြထားသည်။ ပြည်သူများအနေဖြင့် အမှုအခင်းများနှင့်ပတ်သက်၍ ၎င်းတို့အား တိုင်ကြားနိုင်ပီဖြစ်ကြောင်း သြဂုတ်လ ၁ ရက်နေ့က လူမှုကွန်ယက်တွင် ကြေညာခဲ့သည်။



Comments
Post a Comment