၂၁-၂၂ ဩဂုတ်၊ ၂၀၂၁

 

မြို့ပြတိုက်ပွဲများနီးကပ်လာပီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ပြင်ဆင်ထားရန်လိုအပ်ကြောင်း ရန်ကုန်မြို့အခြေစိုက် ပျောက်ကြားအဖွဲ့ဝင်များက Myanmar Now ကို ပြောဆိုခဲ့သည်။ ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်တပ်ပိုင်အထည်ချုပ်စက်ရုံအတွင်း ဗုံးဖောက်ခွဲမှုအပါအဝင် လှိုင်သာယာမြို့နယ်ရှိ ရဲစခန်းအား ဗုံးခွဲတိုက်ခိုက်မှုများအား ၎င်းတို့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ယနေ့မနက်တွင်လည်း ဘုရင့်နောင်တံတားအနီးတွင် ရဲနှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ မြို့ပြတိုက်ပွဲဖြစ်ပွားမည်ဆိုသည့် သတင်းများကြောင့် အချို့သော စျေးဝယ်စင်တာများတွင် စားသောက်ကုန်ဝယ်ယူစုဆောင်းမှုများပြုလုပ်နေကြသဖြင့် ပစ္စည်းများပြတ်လပ်နေကြောင်း ရန်ကုန်မြို့ခံအချို့က လူမှုကွန်ယက်တွင် ရေးသားထားကြသည်။ 

စစ်သားများအုပ်စုလိုက် ၎င်းတို့၏ တပ်စခန်းများမှ စွန့်ခွာထွက်ပြေးမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ သြဂုတ်လ ၈ ရက်နေ့က ဗုံးခွဲတိုက်ခိုက်မှုခံခဲ့ရသော မကွေးလေတပ်စခန်းမှ စစ်သား ၃၆ ဦး သြဂုတ်လ ၂၁ ရက်နေ့က ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး ယခုအခါ လုံခြုံရာနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း People’s Spring စာမျက်နှာတွင် ဖော်ပြထားသည်။ ထို့အပြင် ဩဂုတ် ၁၉ ရက်နေ့က စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ရှိ သတ္တုတွင်းကုမ္ပဏီတစ်ခု၌ လုံခြုံရေးဆောင်ရွက်နေသည့် စစ်သား ၅ ဦးသည်လည်း လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားကြောင်း The 74 Media က ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက် ၆ လကျော်အကြာအတွင်း CDM ပြုလုပ်သည့် စစ်သား ၁၅၀၀ ခန့်နှင့် ရဲ ၅၀၀ ခန့် ရှိပီဖြစ်ကြောင်း CDM ပြုလုပ်ထားသည့် ဗိုလ်ကြီးတစ်ဦးက Irrawaddy ကို ပြောဆိုခဲ့သည်။

လက်ရှိတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသော ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့ထံတွင် လက်နက်ချပါက လက်ခံပေးမည်ဖြစ်ကြောင်း ဆုကြေးများလည်းပေးသွားမည်ဖြစ်ကြောင်း KNDF ၏ ကြေညာခဲ့သည်။ လက်နက်နှင့်အတူထွက်ပြေးတိမ်းရှောင်လာသော တပ်ဖွဲ့ဝင်များအား သိန်း (၅၀) ပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ်ရှိ CDF-Mindat က ကြေညာခဲ့ပြီးနောက် စစ်သား (၃) ဦး ၎င်းတို့နှင့်ပူးပေါင်းခဲ့ပြီဖြစ်ကြောင်း CDF နှင့် နီးစပ်သူများက လူမှုကွန်ယက်တွင် ရေးသားထားသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက အင်တာနက်ဆက်သွယ်မှုများအား သြဂုတ်လ ၂၀ ရက်နေ့ညမှ စ၍ ဖြတ်တောက်လိုက်ပီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။ အဆိုပါဖြတ်တောက်မှုကြောင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများလည်း ရပ်တန့်သွားပြီး မကြာမှီတွင် တိုက်ပွဲများပြင်းထန်လာတော့မည်ဖြစ်ကြောင်း ဒေသခံများအကြား စိုးရိမ်မှုများလည်းတိုးပွားလာကြောင်း သိရသည်။ ဖမ်းဆီးခံထားရေး သတင်းစာဆရာ ဦးစည်သူအောင်မြင့်နှင့် BBC Media Action ၏ အလွတ်တန်းသတင်းထောက် မထက်ထက်ခိုင်တို့အား စစ်ကောင်စီက အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅ ) နှင့် မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) တို့ဖြင့် အမှုဖွင့်ထားကြောင်း Mizzima က ဖော်ပြထားသည်။ 

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အမျိုးသားတစ်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူ သူနာပြုဆရာမတို့အား စစ်ကောင်စီတပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်မှု ဩဂုတ် ၂၁ ရက်နေ့က ဖြစ်ပွားခဲ့ပြီး အသက်သုံးနှစ်အရွယ်ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း ဆွေမျိုးများက Mizzima ကို ပြောဆိုခဲ့သည်။ သြဂုတ်လ ၁၉ ရက်နေ့က ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ အဆောင်တခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ်တစ်ဦး နေရာတွင်ပင် ပစ်သတ်ခံရပြီး အခြားလူငယ်နှစ်ဦး စစ်ကြောရေးတွင် သေဆုံးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် သြဂုတ်လ ၁၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ခြင်းကို ခံရသော အသက် ၇၂ နှစ်အရွယ် အဘိုးအိုတစ်ဦးသည် သြဂုတ်လ ၂၁ ရက်တွင် ကွယ်လွန်သွားပီဖြစ်ကြောင်း ရွာသားတစ်ဦးက Khit Thit ကို ပြောဆိုခဲ့သည်။

သြဂုတ်လ ၂၀ ရက်နေ့က စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် အာဏာဖီဆန်ရေး (CDM) ပြုလုပ်သွားတဲ့ ရဲတပ်ကြပ်ကြီး ဦးဇော်ဝင်းမင်း၏ မိဘနှစ်ပါးအား စစ်ကောင်စီက နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ကြောင်း DVB က ဖော်ပြထားသည်။ မန္တလေး PDF အဖွဲ့ဝင် ၂၀ ကျော်အား လက်နက်များနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သြဂုတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် အမှန်တကယ်ဖမ်းဆီးခံရသော မန္တလေး PDF စုစုပေါင်း ၇ ဦးသာဖြစ်ကြောင်း အခြားသူများမှာ ဆန္ဒပြသူများ PDF နှင့်မသက်ဆိုင်သူများဖြစ်ကြောင်း အလွတ်သတင်းထောက် Mrat Kyaw Thu က ရေးသားထားသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် ပီချောင်းဒေသတွင် သြဂုတ်လ ၁၆ ရက်နေ့က AA အဖွဲ့ ပြုလုပ်သော စစ်သင်တန်းမှ ထွက်ပြေးလာသော ချင်းလူမျိုး ၁၀ ဦးသည် ယခုအခါတွင် အသက်အန္တရာယ်အတွက်လုံခြုံသောနေရာသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း Khumi Media Group က ဖော်ပြထားသည်။ သင်တန်းတက်ရန် အတင်းအကြပ်ခိုင်းစေခြင်း သင်တန်းအတွင်း နှိပ်စက်ခြင်းတို့ကြောင့် ၎င်းတို့ ထွက်ပြေးခြင်းဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၂၂ ရက်မှ ၂၅ ရက်အထိကျင်းပမည့် (၄၂) ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံ (AIPA) တွင် ရွေးကောက်ခံအမတ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အား ဖိတ်ကြားခြင်းမရှိဘဲ စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့အား လေ့လာသူအဖြစ် တက်ရောက်ခြင်းအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြောင်း CRPH က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Comments

Popular Posts