၅-၆ ဩဂုတ်၊ ၂၀၂၁

 

အွန်လိုင်းမှတစ်ဆင့် အကြောင်းအရာအမျိုးမျိုးအတွက် အလှူခံရာတွင်အသုံးပြုသော KBZ ဘဏ်၏ KPay Account အများအပြားသည် ပိတ်ပင်ခံလိုက်ရကြောင်း လူမှုကွန်ယက်အသုံးပြုသူများက အွန်လိုင်းတွင် ရေးသားထားကြသည်။ ၎င်းတို့အနေဖြင့် ဘဏ်ဝန်ထမ်းများဆီမှ သေချာတိကျသော ဖြေရှင်းချက်များရရှိခြင်းမရှိဘဲ ၎င်းတို့အား အာဏာပိုင်များက မကြာခင် ဆက်သွယ်လိမ့်မည်ဖြစ်ကြောင်းသာ ပြောဆိုခဲ့သည်။ ထိုသို့ပိတ်ပင်ခံရခြင်းကြောင့် ကိုဗစ်လူနာများနှင့် စစ်ဘေးဒဏ်ပြည်သူများအတွက် အလှူခံထားမှုများ ရပ်တန့်သွားကြောင်း ကူညီနေသူများက ဝေဖန်ပြောဆိုနေကြသည်။ 

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား လုပ်ကြံရန် ပူးပေါင်းကြံစည်မှုဖြင့် အမေရိကန်နိုင်ငံရောက်ရှိနေသော ဖြိုးဟိန်းထွဋ် ၂၈ နှစ်နဲ့ ရဲဟိန်းဇော် အသက် ၂၀ တို့အား FBI ဖမ်းဆီး၍ ထောင်ဒဏ် ၅ နှစ်အထိ ကျခံနိုင်သော ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း BBC က ဖော်ပြထားသည်။ ၎င်းတို့နှစ်ဦးသည်လည်း စစ်တပ်နှင့် နီးစပ်သော မိသားစုများမှဖြစ်ကြောင်း ဦးကျော်မိုးထွန်းအား တိုက်ခိုက်ရန်အတွက် ၎င်းတို့အား မြန်မာစစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ထိုင်းနိုင်ငံရှိ အသက် ၆၀ အရွယ် လက်နက်ပွဲစားတစ်ဦးက အွန်လိုင်းမှတစ်ဆင့်ဆက်သွယ်ခဲ့ကြောင်း ၎င်းတို့အနေဖြင့် ဒေါ်လာ ၅၀၀၀ လက်ခံရရှိခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ 

ဦးကျော်မိုးထွန်းသည် မကြာသေးမှီက စစ်ကိုင်းတိုင်းကနီမြို့နယ်တွင် စစ်ကောင်စီတပ်များက ဒေသခံပြည်သူ ၄၀ ခန့်အား ဇူလိုင်လအတွင်း အစုအလိုက်အပြုံအလိုက် သတ်ဖြတ်ထားသည့် နေရာ ၃ နေရာတွေ့ရှိခဲ့ကြောင်း သက်သေများဖြင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးထံသို့ စာရေးသားပေးပို့ထားသည်။ ထို့အပြင် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီအား လက်နက်ရောင်းချခြင်းအလုံးစုံပိတ်ဆို့ရန် တောင်းဆိုမှုများလည်းပြုလုပ်ထားသူဖြစ်သည်။ 

မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော NLD ပါတီ၏ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား မန္တလေးဆေးရုံကြီးသို့ ဇူလိုင်လ ၆ ရက် ညပိုင်းကတည်းက ပြောင်းရွေး၍ ဆေးကုသမှုခံယူနေကြောင်း DVB က ဖော်ပြထားသည်။ NLD ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းသည် ဖမ်းဆီးခံရစဥ် သေဆုံးခဲ့သဖြင့် သွေးကင်ဆာဝေဒနာသည်တစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးသည် အထူးစိုးရိမ်ဖွယ်ဖြစ်နေကြောင်း ဖော်ပြထားသည်။ 

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများသည် သြဂုတ်လ ၅ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ထို့အပြင် ရန်ကုန်မြို့ ခရမ်းမြို့နယ်ရှိ ကြံ့ခိုင်ရေးအမတ် ဦးဝင်းခိုင်သည်လည်း သြဂုတ်လ ၅ရက်နေ့က လက်နက်ကိုင်လူတစ်စု၏ လုပ်ကြံခံရခြင်းကြောင့် သေဆုံးခဲ့သည်ဟု Khit Thit က ဖော်ပြထားသည်။

NUG အနေဖြင့် CDM ဝန်ထမ်းများအား ကူညီထောက်ပံ့နိုင်ရန်အတွက် "လောင်းကစားဥပဒေကိုပြင်ဆင်လိုက်ပြီး ထီလက်မှတ်များအား စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ မြန်မာ၊ ထိုင်း၊ လာအိုနယ်စပ်အနီး လာအိုနိုင်ငံအပိုင် ရွှေတြိဂံနယ်မြေရှိ ကွာရန်တင်းစင်တာတွင် လနဲ့ချီနေထိုင်နေရသော မြန်မာအလုပ်သမားရာပေါင်းများစွာသည် လက်ရှိအချိန်အထိ အိမ်ပြန်ရခြင်းမရှိသဖြင့် သြဂုတ်လ ၆ ရက်တွင် ဆန္ဒပြခဲ့ကြကြောင်း BBC က ဖော်ပြထားသည်။

ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ခြင်းအား အမျိုးသားညီညွတ်ရေးအစိုးရမှ ကြိုဆိုကြောင်း NUG က သြဂုတ်လ ၅ ရက်နေ့က သဝဏ်လွှာပေးပို့ခဲ့သည်။ NUG အနေဖြင့် အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများတွင် စစ်ကောင်စီမှ မြန်မာကိုယ်စားပြု၍ တက်ရောက်နေသည်ကို အထူးစိုးရိမ်ကြောင်းအပါအဝင် အထူးသံအနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် အပြုသဘောဆောင်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာရန် ဖြစ်နိုင်ချေများ ရှာဖွေရာတွင် ကြိုတင်သတ်မှတ်ချက်များထားရှိရန်တို့ကို တောင်းဆိုထားသည်။

Comments