၇-၈ ဩဂုတ်၊ ၂၀၂၁
သြဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သော ၈၈၈၈ အရေးတော်ပုံ၏ ၃၃ နှစ်မြောက်အထိမ်းအမှတ်အဖြစ် မြန်မာပြည်အနှံ့တွင် ၈၈ တုန်းက အကြွေးကို ၂၁ မှ ပြန်ဆပ်မယ်ဆိုသည့် ကြွေးကြော်သံဖြင့် လမ်းပေါ်ထွက်ပျောက်ကြားသပိတ်များ ပေါ်ပေါက်လာခဲ့သည်။ မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်အတွင်းတွင်လည်း ဩဂုတ် ၈ ရက် ည ၉ နာရီဝန်းကျင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများထွက်ပေါ်လာကြောင်း DVB က ဖော်ပြထားသည်။ ထို့နောက်တွင် ထောင်အတွင်းမှ တရားသံအကျယ်ကြီးဖွင့်သောအသံနှင့် သေနတ်သံ (၂) ချက် ထွက်ပေါ်လာကြောင်းသိရသည်။
အလားတူပင် ၈၈၈၈ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်းလည်း PDF အချို့က ထုတ်ပြန်ခဲ့သည်။ မကွေးမြို့အခြေစိုက် PDF အဖွဲ့က စစ်ကောင်စီ၏ မကွေးလေတပ်အခြေစိုက်စခန်းအတွင်းရှိ လက်နက်သိုလှောင်ရုံအား ၈ ရက်နေ့ မနက် ၂ နာရီခန့်က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ သြဂုတ်လ ၇ ရက်နေ့ ညက မကွေးတိုင်း ကျောက်ထုလေယာဥ်ကွင်းအတွင်းတွင် စစ်သားများ လခမရရှိမှုကြောင့် အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးဝန်းကျင်ခဲ့ လက်နက်နှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားကြောင်း Zalen က ဖော်ပြထားသည်။
ရန်ကုန်မြို့ရှိ စစ်တပ်ထိန်းချုပ်ထားသော မြန်မာ့ရုပ်မြင်သံကြားဝင်းအတွင်း လုံခြုံရေးယူထားသော စစ်ကောင်စီတပ်များအား သြဂုတ်လ ၇ ရက်နေ့ညက ကားတစ်စီးဖြင့် လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ လူမှုကွန်ယက်တွင်ထွက်ပေါ်လာသော သတင်းများအရ အဆိုပါပစ်ခတ်မှုကြောင့် အနီးနားရှိ ဆရာဝန်တစ်ဦး ထိမှန်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိပါ။ ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွင်လည်း ရေတပ်မှ ဗိုလ်တစ်ဦးအား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု သြဂုတ်လ ၇ ရက် ညနေတွင် ဖြစ်ပွားခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။
လွန်ခဲ့သည့် မေ ၁၄ နေ့က မုံရွာမြို့ရှိ ကဗျာဆရာတစ်ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့သူအား ဩဂုတ် ၈ တွင် လက်တုံ့ပြန်သတ်ဖြတ်လိုက်ပီဖြစ်ကြောင်း ဒေသအခြေစိုက် PDF အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောဆိုခဲ့သည်။ NUG နှင့်ဆက်သွယ်သည်ဆိုသောစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသော မန္တလေးရှိ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာမောင်မာင်ငြိမ်းထွန်းသည် ထောင်အတွင်းတွင် ကိုဗစ်ကူးစက်ခံရပြီးနောက် မန္တလေးဆေးရုံကြီးတွင် သြဂုတ်လ ၈ ရက်နေ့က ကွန်လွယ်သွားကြောင်း BBC က ဖော်ပြထားသည်။
အမှုပေါင်း ၁၁ မှုဖြင့်တရားစွဲဆိုခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းအား တရားရုံးမှထပ်မံရွေ့ဆိုင်းလိုက်သည်။ ထို့အပြင် သူမအတွက် လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ၅ ဦးအနက်မှ ရန်ကုန်မြို့ရှိ ရှေ့နေအချို့အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီဒီယာများသို့ ဖြေကြားခြင်းမပြုရန် သြဂုတ်လ ၆ ရက်နေ့ညက ခံဝန်လက်မှတ်ထိုးစေ၍ ထိန်းချုပ်လိုက်ကြောင်း Myanmar Now က ဖော်ပြထားသည်။
သြဂုတ်လ ၈ ရက်နေ့က မန္တလေးတိုင်း မတ္တရာမြို့နယ် မန္တလေး-မိုးကုတ်ကားလမ်းပေါ်တွင် လက်နက်အများအပြားသယ်ဆောင်လာသော ကားတစ်စီးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပြီး လူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်လှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအား နှိမ်နင်းရန်အတွက် စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့များအား စစ်ကူတောင်းထားကြောင်း ဒေသခံများက Myanmar Now ကို ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံကဝယ်ယူသည့် ဒုတိယအသုတ် တရုတ်နိုင်ငံ Sinovac ကာကွယ်ဆေး အလုံး ၁ သန်း သည် သြဂုတ်လ ၈ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပီဖြစ်ကြောင်း Popular News က ဖော်ပြထားသည်။ တရုတ်သံရုံး၏ ဖော်ပြချက်အရ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအား Sinovac ကာကွယ်ဆေး အလုံးရေ ၂ သန်း ရောင်းချခဲ့ပြီး Sinopharm ကာကွယ်ဆေး အလုံးရေ ၂.၅ သန်းအား လှူဒါန်းခဲ့ကြောင်း သိရသည်။
Comments
Post a Comment