၂၅-၂၆ ဩဂုတ်၊ ၂၀၂၁

 

ဖမ်းဆီးခံထားရသော သပိတ်လူငယ်များ ခေါင်းဆောင်များမှတစ်ဆင့် လူငယ်အများအပြား ဖမ်းဆီးခံနေရကြောင်း ပြည်တွင်းသတင်းများက ဖော်ပြထားသည်။ လူမြင်ကွင်းမှပျောက်ကွယ်သွားသော သပိတ်လူငယ်တစ်ဦးကြောင့် စစ်ကောင်စီက ရန်ကုန်မြို့အနှံ့တွင် လူငယ်အများအပြားအား နောက်ယောင်ခံလိုက်လံ ဖမ်းဆီးနေကြောင်း Myanmar Press Agency က ဖော်ပြထားသည်။ ထို့အပြင် Zello ဆက်သွယ်ရေး မိုဘိုင်းဖုန်းဆော့ဝဲတစ်ခု အသုံးပြုသော လူငယ်တစ်ဦးအဖမ်းခံရပြီးနောက် ၎င်းနှင့်ဆက်စပ်နေသော လူငယ်များဖမ်းဆီးခံခဲ့ရကြောင်း VOM က ဖော်ပြထားသည်။

ကချင်ပါတီကြီးတစ်ခုဖြစ်သည့် ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဌ ဒေါက်တာအမ်ကောန်လကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေပြည်တော်တွင် ဖမ်းဆီးခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက် ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) အား ဒေါက်တာအမ်ကောန်လက ဦးဆောင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ 

စစ်ဦးစီးမှူး ဒုတိယတန်း ဗိုလ်မှူး သုံးဦး CDM ဝင်ရောက်လာကြောင်း ဗိုလ်ကြီး လင်းထက်အောင်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။ ၎င်းတို့၏ လုံခြုံရေးကြောင့် နာမည်နှင့် အခြားသောအချက်အလက်များအား ဖော်ပြခြင်းမပြုသေးကြောင်း ရေးသားထားသည်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် CDM ပြုလုပ်ထားသူအဖြစ် ဟန်ဆောင်ကာ PDF အဖွဲ့ထဲဝင်ရောက် ထောက်လှမ်းနေသော မုံရွာအမှတ် (၂) ရဲစခန်းမှ ရဲတစ်ဦးအား ယင်းမာပင် PDF က ဖမ်းဆီးလိုက်ကြောင်း Mizzima က ဖော်ပြထားသည်

ရန်ကုန်တိုင်း ယုဇနဥယျာဉ် မြို့တော်တွင် စစ်တပ်ထိန်းချုပ်ထားသော ကြေးမုံသတင်းထောက် ကြံ့ခိုင်ရေးပါတီဝင်ဖြစ်သူ ရဲကြီးအား သြဂုတ်လ ၂၆ ရက်နေ့ ညနေက လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း Yangon Revolution Group (YRG) က ဖော်ပြထားသည်။ စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ရှိ ကြွေပုဂံရွာကို ဝင်ရောက်စီးနင်းပြီး လုယက်ခဲ့သည့် စစ်ကောင်စီယာဥ်တန်းအား ရွာအပြန်လမ်းတွင် ဒေသခံ PDF များက ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Irrawaddy က ဖော်ပြထားသည်။

ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်အတွင်းရှိ စခန်းတစ်ခုအား KNLA တပ်မဟာ ၆ လက်အောက်ရှိ တပ်ခွဲတစ်ခုက သိမ်းပိုက်နိုင်ခဲ့ကြောင်း Thoolei News က ဖော်ပြထားသည်။ အဆိုပါစခန်းတွင် တပ်စွဲထားသော BGF တပ်ဖွဲ့ဝင်များက ပြန်လည်ခုံခံခြင်းမရှိဘဲ စခန်းမှ ဆုတ်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ CDF-Hakha နှင့် CDF-Zophei တို့ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဟားခါး-ထန်တလန်အကြားတွင် သြဂုတ်လ(၂၅)ရက်နေ့က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဖက်မှ အနည်းဆုံး (၃)ကောင်သေဆုံးခဲ့ကြောင်း CDF က ထုတ်ပြန်ထားသည်။ သြဂုတ်လ ၂၅ ရက်နေ့က ထန်ထလန်မြို့အတွင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် နေအိမ်ရှိ အသက် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း The Thantlang Times က ဖော်ပြထားသည်။

ပြည်သူများ ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် နည်းလမ်းနှစ်မျိုးဖြင့် ကြိုးစားနေကြောင်း အမျိုးသားကျန်းမာရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဖဒိုမန်းမန်းက ဩဂုတ်လ ၂၄ရက်နေ့မှာပြုလုပ်သော NUG ၏ သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအခြေစိုက်ရာ နယ်စပ်မှတစ်ဆင့် ကိုဗစ်ကာကွယ်ဆေးများရယူနိုင်ရေးနှင့် ရန်ကုန်လေဆိပ်မှရောက်ရှိလာမည့် နိုင်ငံတကာကပံ့ပိုးသောကာကွယ်ဆေးများအား ကုလသမဂ္ဂကကြားဝင်လက်ခံယူပေးနိုင်ရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

Comments

Popular Posts