၈-၉ စက်တင်ဘာ၊ ၂၀၂၁

 

D-day ကြေညာပြီးနှစ်ရက်အတွင်း မြန်မာပြည်အနှံ့တွင် တိုက်ပွဲများ ဖောက်ခွဲမှုများနှင့် လုပ်ကြံသတ်ဖြတ်မှု အများအပြားပေါ်ပေါက်လာသည်။ D-Day ကြေညာသည့်နေ့တွင်ပင် မြန်မာပြည်အနှံ့ တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ဖောက်ခွဲမှု ၃၀ ကျော်ဖြစ်ပွားခဲ့ကြောင်း NUG ၏ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ Khit Thit က ပြုစုထားသောစာရင်းများအရ စက်တင်ဘာ ၈ ရက်နှင့် ၉ ရက်အတွင်း ရဲ ၃ ဦး အပါအဝင် အုပ်ချုပ်ရေးမှူး ၂ ဦး အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း ၁ ဦး သတင်းပေးဟု စွပ်စွဲခံရသူ ၂ ဦး ပျူစောထီး ၁ ဦး စုစုပေါင်း ၉ ဦး အသတ်ခံရကြောင်း သိရသည်။ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူကလည်း ရန်ကုန်နှင့် မန္တလေးတို့တွင် တိုက်ခိုက်မှုများပိုမိုများပြားလာကြောင်း Irrawaddy သို့ ဝန်ခံပြောကြားခဲ့သည်။

CRPH NUG နှင့် PDF အဖွဲ့ များနှင့် ၎င်းတို့နှင့်ဆက်စပ်သူများကို နေအိမ်တိုက်ခန်းငှားရမ်းထားပါက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အိမ်ပိုင်ရှင်အား တရားစွဲမည်ဖြစ်ပြီး နေအိမ်အား သက်သေခံအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က သတင်းထုတ်ပြန်ထားကြောင်း Irrawaddy က ဖော်ပြထားသည်။ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ် Tanintharyi Defense Force (TDF) မှ စစ်သည်အင်အား ၁၀၀ သည် NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စက်တင်ဘာလ ၉ ရက်နေ့က ဝင်ရောက်ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း TDF ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ 

၎င်းတို့၏တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ ဖြစ်ပွားသောတိုက်ပွဲဖြစ်စဥ်များနှင့် သတင်းများအား လူမှုကွန်ယက်တွင် အလျင်စလိုမဖော်ပြကြခြင်းဖြင့် ပြည်သူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် KNU ၏ သတင်းနှင့်ပြန်ကြားရေး(ဗဟို) က စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သတင်းထုတ်ပြန်ပီး မကြာမှီတွင်ပင် မူတြော်ခရိုင်ရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်းတစ်ခုအား KNDO တပ်ရင်း ၃ နှင့် KNU တပ်မဟာ ၅ တို့က ပူးပေါင်း၍ ယနေ့မနက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် စစ်ဆေးမှုများအလွန်အမင်းတင်းကြပ်နေကြောင်း ရန်ကုန်ဒေသခံများက လူမှုကွန်ယက်တွင် ရေးသားထားကြသည်။ လှိုင်မြို့နယ်တွင် ဧည့်စာရင်းတိုင်ခြင်းမရှိခြင်းကြောင်း လူပေါင်း ၁၀၀ ခန့်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ညက ရဲစခန်းတွင်ချုပ်နှောင်ထားခဲ့ကြောင်း ၎င်းတို့အား ခံဝန်ထိုးစေပြီး ပြန်လည်လွှတ်ပေးလိုက်ကြောင်း BBC က ဖော်ပြထားသည်။ စမ်းချောင်းမြို့နယ်တွင် ယနေ့ ညနေပိုင်းက လုံခြုံရေးကင်းလှည့်နေသည့် စစ်ကားတစ်စီးသည် ဗုံးဖြင့် အနီးကပ်တိုက်ခိုက်ခံရပြီး ရဲမှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ကြောင်း Burma Associated Press က ဖော်ပြထားသည်။ အဆိုပါတိုက်ခိုက်မှုကြောင်း စမ်းချောင်းမြို့နယ်တစ်ခုလုံးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့တားဆီးပြီး စစ်ဆေးနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ ရဲစခန်းအား မြောက်မြို့နယ် PDF အဖွဲ့က စက်တင်ဘာ ၈ ရက်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အဆိုပါရဲစခန်း၏ စခန်းမှူးနှင့် တပ်သား ၂ ဦးတို့ လက်နက်ချအညံ့ခံခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း Khit Thit ကဖော်ပြထားသည်။ အဆိုပါတိုက်ခိုက်မှုအား စစ်ကိုင်းတိုင်းအတွင်းရှိ အနည်းဆုံး PDF ၄ ဖွဲ့ က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Myanmar Now က ဖော်ပြထားသည်။ ထို့အပြင် စက်တင်ဘာက ၉ ရက်နေ့တွင် မကွေးတိုင်း ပခုက္ကူမြို့နယ် ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်မြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒေသခံ PDF အဖွဲ့များက တိုက်ခိုက်ခဲ့ကြကြောင်း သတင်းမီဒီယာများက ဖော်ပြကြသည်။

စက်တင်ဘာလက ၉ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှ တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများတွေ့ဆုံသော အွန်လိုင်း အစည်းအဝေးသို့ မြန်မာပြည်မှ NLD ပါတီအပါအဝင် ပါတီ လေးခုအားဖိတ်ကြားခဲ့ကြောင်း သိရသည်။ တရုတ်အစိုးရက NLD ပါတီအား ဖျက်သိမ်းမည်ကိုမလိုလားကြောင်း စစ်ကောင်စီအား အကြောင်းကြားထားကြောင်းလည်း သိရသည်။ NUG အစိုးရအနေဖြင့် ခုခံစစ်ကြေညာလိုက်ခြင်းသည် အာဆီယံအဖွဲ့၏ အခန်းကဏ္ဍပျက်ကွက်မှု ရှုံးနိမ့်မှုကို ထင်ဟပ်နေခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေး၀န်ကြီးက ဝေဖန်လိုက်ကြောင်း DVB က ဖော်ပြထားသည်။ ခုခံတွန်းလှန်စစ် ဆင်နွှဲဖို့ ကြေညာလိုက်ခြင်းသည် စိတ်မကောင်းစရာဖြစ်သော်လည်းဘဲ ၎င်းတို့အနေဖြင့် NUG နှင့် မြန်မာပြည်သူများ၏ နိုင်ငံတကာအပေါ် အားမလိုအားမရဖြစ်မှုကို နားလည်သဘောပေါက်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

Comments

Popular Posts