၁၀-၁၁ စက်တင်ဘာ၊ ၂၀၂၁

 

ချင်းပြည်နယ် စစ်ကိုင်းတိုင်းနှင့် ရခိုင်သို့ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များအပါအဝင် ရဲတပ်ဖွဲ့ဝင် (၃၅၀) ကို ပို့ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း Tachileik News Agency ကဖော်ပြထားသည်။ အဆိုပါ ၃၅၀ ထဲမှ ၂၀၀ အား ချင်းပြည်နယ်သို့ပို့ဆောင်မည်ဖြစ်ပြီး ယာဥ်ထိန်းရဲများအား ရဲဝတ်စုံပြောင်းခိုင်းပြီး ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် CDM ပြုလုပ်သောရဲတပ်ဖွဲ့ဝင်အများအပြားရှိနေပြီး စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ချင်းပြည်နယ်မှ ရဲ ၆ ဦး CDM ပြုလုပ်ခဲ့ကြောင်း Hakha Post က ဖော်ပြထားသည်။

မကွေးတိုင်း ဂန့်ဂေါမြို့ မြင်သားရွာတွင် စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် စက်တင်ဘာလ ၉ ရက်နေ့က သေဆုံးသူ ပြည်သူ ၂၀ ကျော်ထိရှိလာပြီဖြစ်ကြောင်း ယောဒေသ PDF က အဖွဲ့ဝင်တဦးက Burma VJ ကိုပြောဆိုသည်။ အသတ်ခံရသူများတွင် အသက်မပြည့်သေးသည့် လူငယ် ၃ ဦးခန့်ပါဝင်ကြောင်း ၎င်းတို့မှာ PDF များမဟုတ်ဘဲ ရွာလုံခြုံရေးဆောင်ရွက်နေသော လူငယ်များသာဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် ဂန့်ဂေါမြို့နယ်ရှိ နှမ်းခါးကျေးရွာမှ နေအိမ်အများအပြားအား ယမန်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်သားများက မီးရှို့ ခဲ့ကြောင်းသိရသည်။ 

မြင်သာဖြစ်ရပ်အား လက်တုံ့ပြန်သည့်အနေဖြင့် ဂန့်ဂေါမြို့နယ်တွင် စက်တင်ဘာ ၁၀ ရက်နေ့မနက်ပိုင်းက ဂန့်ဂေါ PDF နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ ပူးပေါင်း၍ စစ်ကောင်စီတပ်များအား တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ယောက်ခန့် သေဆုံးခဲ့ကြောင်း ပါဝင်ကူညီသော CNF တပ်သား ၁၀ ဦးအား ကျေးဇူးတင်ရှိကြောင်း ဂန့်ဂေါ PDF က ထုတ်ပြန်ထားသည်။ CNF နှင့် CDF တို့ပူးပေါင်းပြီး ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် လုံလဲလ်ရွာရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား စက်တင်ဘာ ၁၀ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီဘက်မှ တိုက်လေယာဥ်အသုံးပြု၍ ခြောက်ကြိမ်တိုင်တိုင် ဗုံးလာကြဲခဲ့ကြောင်း CNF တာဝန်ရှိသူတစ်ဦးက Mizzima ကိုပြောဆိုခဲ့သည်။

PDF များကြောင့် ၇ လ အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ အစိုးရဝန်ထမ်း ၁၄၀ ဦး အပါအဝင် သေဆုံးသူ ၉၃၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃၁၂ဦး ရှိခဲ့ကြောင်း စစ်ကောင်စီ၏ ပြည်ထဲရေးဒုဝန်ကြီးက နိုင်ငံတကာသံတမန်များအား စက်တင်ဘာ ၁၁ ရက်နေ့က ပြောဆိုခဲ့သည်။ အသတ်ခံရသူများတွင် အုပ်ချုပ်ရေးမှူး ၁၀၂ ဦးနှင့် သတင်းပေးအဖြစ် စွပ်စွဲခံရကာ အသတ်ခံရသော ပြည်သူ ၃၆၉ ဦးတို့ ပါဝင်ကြောင်းသိရသည်။

လူမှုကွန်ယက်တွင် နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် ဒူးထောက်လျက်အနေအထားဖြင့် ကြိုးတုပ်ဖမ်းဆီးခံရထားသူ လူငယ်နှစ်ဦးမှာ အသက် ၁၇ နှစ်အရွယ် Fedele နှင့် ၁၈ နှစ်အရွယ် Pasquale ဟူသည့် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးရှောင်လူငယ်နှစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးက RiSE News သို့ အတည်ပြုပြောဆိုခဲ့သည်။ ၎င်းတို့အား စက်တင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်ရင်း ၁၀၂ က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။ ကရင်နီ ဖယ်ခုံမြို့အခြေစိုက် ခမရ (၃၃၆) တပ်ရင်းအား ဖယ်ခုံ PDF က ၆၀ မမ စိန်ပြောင်းအပါအဝင် လက်နက်ငယ်များဖြင့် စက်တင်ဘာလ ၁၁ ရက်နေ့မနက်က တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ကရင်ပြည်နယ် ဘားအံမြို့ရှိ စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးခန့်ကို စက်တင်ဘာလ ၉ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားကြောင်း Than Lwin Times က ဖော်ပြထားသည်။ 

မြန်မာပြည်အနှံ့တွင် စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော Mytel ဆက်သွယ်ရေးကုမ္ပဏီ တာဝါတိုင်များ ဖျက်ဆီးခံနေရကြောင်းသိရသည်။ RFA ၏ စာရင်းများအရ စက်တင်ဘာလ ၄ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း ဖောက်ခွဲဖျက်ဆီးခံရသော ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၄၂ ခုအထိရှိပြီး Mytel ဆက်သွယ်ရေး သီးသန့် တာဝါတိုင် ၃၅ ခု ပါဝင်ကြောင်းသိရသည်။ အာဏာသိမ်းခေါင်းဆောင်က PDF များအနေဖြင့် အဆိုပါတာဝါတိုင်များအား ဖျက်ဆီးမည့်အစား ၎င်း၏တပ်ဖွဲ့ဝင်များအား လာရောက်တိုက်ခိုက်ရန် အစည်းအဝေးတွင်ပြောဆိုခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီကိုဆန့်ကျင်သော တရားမဝင် ခိုလှုံနေသူများအား ထိုင်းအစိုးရက ဖမ်းဆီးဖို့စီစဉ်နေကြောင်း DVB က ဖော်ပြထားသည်။ NUG က အရေးပေါ် ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း NUG အပေါ် ဂရုဏာထားရှိကြသော အနောက်နိုင်ငံများအနေဖြင့် NUG အပေါ်ထားရှိသော ၎င်းတို့၏မူဝါဒများအား ပြန်လည်းသုံးသပ်ဖို့ ရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Christine Burgener က PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း BBC က ဖော်ပြထားသည်။


Comments

Popular Posts