၁၂-၁၃ စက်တင်ဘာ၊ ၂၀၂၁
စစ်ကိုင်းတိုင်းရှိ မြို့နယ်များတွင် ဇွန် မှ သြဂုတ်လ သုံးလအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် အနည်းဆုံးပြည်သူ ၂၀၀ကျော် သေဆုံးခဲ့ကြောင်း NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါအထောက်အထားများအား စက်တင်ဘာလအတွင်းကျင်းပမည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် တင်ပြနိုင်ရန် ကြိုးပမ်းနေကြောင်း ၎င်းက ရေးသားထားသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၄၈ ကြိမ်မြောက်ညီလာခံကို ဂျီနီဗာမြို့တွင် ယနေ့ စတင်ကျင်းပနေပြီး အဆိုပါအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်တက်ရောက်ခွင့် မရှိကြောင်း သိရသည်။ NUG ကလည်း ဒီမိုကရေစီလှုပ်ရှားမှုကိုယ်စား ကြားဝင်ဆောင်ရွက်ပေးနိုင်ရန်နှင့် ရက်စက်ကြမ်းကြုတ်လှသော စစ်ကောင်စီ၏ တိုက်ခိုက်မှုများမှ မြန်မာပြည်သူလူထုအား ကူညီကာကွယ်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို အားကိုး၍မရတော့ကြောင်း ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
စစ်တပ်၏လုပ်ငန်းတစ်ခုဖြစ်သည့် MYTEL ဆက်သွယ်ရေးတာဝါတိုင် ၆၈ ခုအထိ ဖျက်ဆီးခံလိုက်ရကြောင်း စစ်တပ်ပိုင်သတင်းစာများက ဖော်ပြထားသည်။ MYTEL နှင့် MPT တာဝါတိုင်များအား PDF များက ဖျက်ဆီးရန်ကြိုးပမ်းနေသဖြင့် လုံခြုံရေးရယူပေးရန်အတွက် စစ်ကောင်စီမှ ၎င်း၏တပ်ဖွဲ့ဝင်များအား ညွှန်ကြားထားကြောင်းလည်းသိရသည်။ စက်တင်ဘာလ ၁၃ ရက်နေ့က မန္တလေးမြို့ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်နှင့် ရဲစခန်းတစ်ခုတို့ ဗုံးဖြင့်တိုက်ခိုက်ခံခဲ့ရပြီး ရာအိမ်မှူးအပါအဝင် ၂ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ စျေးသည် အမျိုးသမီးမှာ ဗုံးသံကြောင့် ကြောက်လန့်ပြီး နှလုံးရပ်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
ထန်တလန်မြို့နယ်အတွင်းရှိ အိန္ဒိယ-မြန်မာနယ်စပ်နှင့် လေးမိုင်ခန့်သာ ကွာဝေးသော လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီ၏ ဗျူဟာကျသော တပ်စခန်းတစ်ခုအား ချင်းအမျိုးသားတပ်မတော် CNA နှင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF တို့ပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၁၁ ရက်နေ့ ညက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံးကြောင်း CDF က သတင်းထုတ်ပြန်ခဲ့သည်။ DVB ဖော်ပြချက်အရ တပ်စခန်းအတွင်းရှိ ရဲနှင့် စစ်သားများသည် CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီနှင့် CDF တို့၏ တိုက်ပွဲများကြောင့် ထန်ထလန်မြို့နယ်ရှိ ကျေးရွာ ၁၁ ရွာမှ ပြည်သူ ၁၄၀၀ ဝန်းကျင်ခန့် စစ်ဘေးရှောင်နေရကြောင်း ထန်တလန်နေရာချထားရေးကော်မတီ TPAC က Khit Thit ကို ပြောဆိုခဲ့သည်။
နှစ်လကျော်ရာ ရပ်ဆိုင်းထားသော ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်စစ်ဆေးရန် ပြန်လည်စတင်ခဲ့သော်လည်းဘဲ သူမ ခေါင်းမူးပြီး နေမကောင်းဖြစ်ခဲ့သောကြောင့် အမှုမစစ်နိုင်ဖြစ်ခဲ့ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က Irrawaddy ကို ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း စစ်ကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေးဌာနက ငွေကြေးလဲလှယ်မှု လုပ်ငန်းရှင်ပေါင်း ၇၅ ဦးခန့်နှင့် သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင် ၂၀၀ ခန့်အား ဖမ်းဆီးခဲ့ကြောင်း RFA က ဖော်ပြထားသည်။ လက်ရှိအချိန်တွင် မြန်မာကျပ်ငွေတန်ဖိုးသည် အလွန်အမင်းကျဆင်းနေပြီး အမေရိကန် တစ်ဒေါ်လာလျှင် ကျပ်ငွေ ၂၁၀၀ အထိရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။



Comments
Post a Comment