၁၄-၁၅ စက်တင်ဘာ၊ ၂၀၂၁

 

အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကြေညာပြီး တစ်ပတ်အတွင်းမှာပင် ချင်းပြည်နယ်အတွင်း စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀ ခန့် CDM တွင်ပါဝင်လာကြောင်း CDF တာဝန်ရှိသူတစ်ဦးက DVB ကိုပြောဆိုခဲ့သည်။ CDF နှင့် ပူးပေါင်းလာသူများတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များအပြင် သစ်တောဝန်ထမ်းများလည်း ပါဝင်ကြောင်း သိရသည်။ CDF များက လက်နက်အပြည့်အစုံဖြင့် စစ်တပ်အားစွန့်ခွာလာသူများအား ငွေသိန်း ၅၀ ပေးမည်ဖြစ်ကြောင်း ကြေညာထားခြင်းဖြစ်သည်။ ပြည်သူ့ရင်ခွင်အဖွဲ့၏ ထုတ်ပြန်ချက်အရ တနိုင်ငံလုံးတွင် CDM ပြုလုပ်ထားသော စစ်သားနှင့် ရဲ ၃၅၀၀ ကျော်အား CDM ကုတ်နံပါတ်များထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ကြေညာထားသည်။ 

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာကိုယ်စားလှယ်တစ်ချို့အပါအဝင် စစ်ကောင်စီကိုယ်စားလှယ်များကတွေ့ဆုံမှုရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်းဘဲ သူမအား ပြည်တွင်းပြည်ပက မည်သူမျှလာရောက်တွေ့ဆုံခြင်းမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေများကိုပြောဆိုခဲ့သည်ဟု Burma Associated Press က ဖော်ပြထားသည်။ ပြီးခဲ့သည့် ဇူလိုင်လတတိယအပတ်ကလည်း စစ်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ကိုလာရောက်တွေ့ဆုံခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သေးသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေသာ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၆ မြို့နယ်နှင့် မန္တလေးတိုင်း မြို့နယ် ၂ မြို့နယ်တို့တွင် စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ကြောင်း Khit Thit က ဖော်ပြထားသည်။ အချို့သောမြို့နယ်များတွင် မိုဘိုင်းအင်တာနက်သာမက တယ်လီဖုန်းလိုင်းများပါ ဖြတ်တောက်ခံထားရကြောင်းသိရသည်။ စက်တင်ဘာ ၁၄ ရက်နေ့က နေပြည်တော် လယ်ဝေးမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုအား နေပြည်တော် PDF မှ ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ဒုရဲအုပ်အဆင့်ရှိသူတစ်ဦး သေဆုံးသွားကြောင်း နေပြည်တော် PDF အဖွဲ့မှ ထုတ်ပြန်ထားသည်။ အဆိုပါတိုက်ခိုက်မှုသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နယ်မြေတွင် တတိယအကြိမ်မြောက်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုဖြစ်သည်။

စက်တင်ဘာ ၁၄ရက် မနက်ပိုင်းက မကွေးမြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးအနီးဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတွင် ငါးနှစ်အရွယ်ကလေးငယ် တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း BBC က ဖော်ပြထားသည်။ အဆိုပါတိုက်ခိုက်မှုအား ၎င်းတို့လုပ်ဆောင်ခြင်းမဟုတ်ကြောင်း မကွေးအခြေစိုက် PDF က ကြေညာခဲ့သည်။ စက်တင်ဘာ ၁၄ ရက်နေ့က ကယားပြည်နယ် ဖရူဆိုမြို့နယ်ရှိ စစ်တပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ရေး ကရင်နီပြည်နယ်ရှိအင်အားစုများက ၅ နာရီကြာတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေး (KNDF) က သတင်းထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီက လက်နက်ကြီးများဖြင့် တုံ့ပြန်ခဲ့သဖြင့် တပ်ဆုတ်ခဲ့ရကြောင်း အဆိုပါတိုက်ခိုက်မှုအတွင်း ၎င်းတို့၏တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

သုံးလအတွင်းမှာ တိုက်ပွဲများ ပစ်ခတ်မှုများနှင့် လုပ်ကြံသတ်ဖြတ်မှုပေါင်း ၁၁၇၁ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၁၀ ဦးခန့်သေဆုံးခဲ့ပြီး ၆၃၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း NUG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါသုံးလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၄၃၁ ဦးသေဆုံးပြီး အရပ်သား ၁၈၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ မြန်မာဒုက္ခသည် ၁၀၀ ကျော် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြောင်း မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၉၅၀၀ ကျော်ထက်မနည်းရှိနေကြောင်း RFA က ဖော်ပြထားသည်။ Indian Express သတင်း၏ ဖော်ပြချက်အရ မြန်မာနိုင်ငံသား ၂၆ ဦးအား အထောက်အထားအတုများဖြင့် အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖမ်းဆီးရမိကြောင်း သိရသည်။

ကြားဖြတ်ထောက်လှမ်းစောင့်ကြည့်မှုဆိုင်ရာနည်းပညာ (intercept surveillance technology) အသက်သွင်းဖော်ဆောင်ရန် စစ်ကောင်စီက တစိုက်မက်မက်ဖိအားပေးနေခြင်းနှင့် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုခံရနိုင်ခြေရှိနေခြင်းတို့ကြောင့် မြန်မာနိုင်ငံရှိ ၎င်းတို့၏လုပ်ငန်းများအား ရောင်းချရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း နော်ဝေတယ်လီကွန်းကုမ္ပဏီ တယ်လီနော၏ အာရှဆိုင်ရာအကြီးအကဲက ရိုက်တာကိုပြောဆိုခဲ့သည်။ စစ်ကောင်စီ၏ ကိုယ်စားလှယ်အား ကုလသမဂ္ဂညီလာခံတွင် မိန့်ခွန်းပြောကြားခွင့်မပေးရန် အမေရိကန်နှင့်တရုတ်နိုင်ငံတို့က သဘောတူညီမှုရရှိခဲ့ကြောင်း Foreign Policy ကဖော်ပြထားသည်။ ကုလသမဂ္ဂကိုယ်စားလှယ်ဆုံးဖြတ်ရေးကော်မတီက မြန်မာကိုယ်စားလှယ်နေရာရွေးချယ်မှုအား ရက်ရွှေ့ဆိုင်းထားပြီး ဦးကျော်မိုးထွန်းအား လက်ရှိနေရာတွင် နိုဝင်ဘာလအထိ ဆက်ထားရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

Comments