၂၇-၂၈ ဩဂုတ်၊ ၂၀၂၁
စစ်ကောင်စီတပ်ဖွဲ့များ၏ ပစ်ခတ်မှုနှင့် နှိပ်စက်မှုများကြောင့် တစ်ပတ်အတွင်း အရပ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း Irrawaddy က ဖော်ပြထားသည်။ ၎င်းတို့ထဲတွင် စစ်သားများ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သော အသက် ၇၂ နှစ်အရွယ် အဘိုးအိုတစ်ဦးနှင့် လည်ပင်းသေနတ်ကျည်ထိမှန်ခဲ့သော အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။ သြဂုတ်လ ၂၇ ရက်နေ့ထိ အချက်အလက်များအရ စစ်ကောင်စီအနေဖြင့် အသက် ၁၈ နှစ်မပြည့်သေးသူ နှစ်ဦးအပါအဝင် စုစုပေါင်း ၆၅ ဦးအား သေဒဏ်ချမှတ်ထားကြောင်း AAPP က ထုတ်ပြန်ကြေညာထားသည်။ အဆိုပါ ၆၅ ဦးအနက် ၃၉ ဦးမှာ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူများဖြစ်သည်။
အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသော ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းအား ထောင်ဝင်စာလာရောက်တွေ့ဆုံးသော ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းအား စစ်ကောင်စီက သြဂုတ်လ ၂၅ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း Mizzima က ဖော်ပြသည်။ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအပါအဝင် ၁၂ ဦးကိုလည်း CDM ဝန်ထမ်းများနှင့် PDF များအား ထောက်ပံ့ကူညီမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီက သြဂုတ်လ ၂၆ ရက်နေ့က ကြေညာခဲ့သည်။
“အိမ်စောင့်အစိုးရဆိုတဲ့ အခေါ်အဝေါ်အတိုင်း နိုင်ငံတော်တာဝန်ကို ရေရှည်ရယူထားမယ့် အစိုးရမဟုတ်” ဟု စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက သြဂုတ်လ ၂၇ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ စစ်ကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ အာဏာသိမ်းထားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။ ကယားပြည်နယ် ဒီးမော့ဆိုမြိုနယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ၁၀ ဦးအား ဩဂုတ် ၁၈ ရက်နေ့က လက်နက်ခဲယမ်းအများအပြားဖြင့် ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။ ထို့အပြင် ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ အမျိုးသမီးတစ်ဦးကိုလည်း ကယားပြည်နယ်ရှိ PDF အဖွဲ့များအား ငွေကြေးထောက်ပံ့မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း Irrawaddy က ဖော်ပြထားသည်။
NUG/CRPH/PDF တို့၏သတင်း ပေးပို့သူအား အနည်းဆုံး ငွေကျပ် ၅ သိန်းဆုကြေးပေးမည်ဟု စစ်ကောင်စီက ကြေညာထားကြောင်း Popular News က ဖော်ပြထားသည်။ ဖမ်းဆီးခံထားရသော ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦးအား တစ်နှစ်နီးပါးကြာသည့်တိုင်အောင် တရားရုံးက အမိန့်မချပဲ ဆက်လက်ဖမ်းဆီးထားခြင်းအား လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂတာဝန်ခံက Narinjara ကိုပြောဆိုခဲ့သည်။
ရန်ကုန်နှင့် မန္တလေးတိုင်းတို့တွင် လှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မြေအောက်အဖွဲ့ စုစုပေါင်း ၁၂ ဖွဲ့ ပူးပေါင်းပြီး မဟာမိတ်ဖွဲ့စည်းလိုက်ကြောင်း သြဂုတ်လ ၂၈ ရက်နေ့က ကြေညာခဲ့သည်။ သြဂုတ် ၂၄ ရက်နေ့ကလည်း ချင်းပြည်နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သည့် CDF-Mindat CDF-Kanpetlet CNO နှင့် ZFU တို့ မဟာမိတ်ဖွဲ့စည်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မကွေးတိုင်း မင်းဘူးမြို့နယ် ခရိုင်ရဲစခန်းအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သြဂုတ်လ ၂၈ ရက်နေ့ညက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုများအနေဖြင့် အွန်လိုင်းမှ ပစ္စည်းမှာယူခြင်းအား ရှောင်ရှားကြရန် သြဂုတ်လ ၂၀ ရက်စွဲဖြင့် လျှို့ဝှက်စာထုတ်ပြန်ထားကြောင်း Mizzima က ဖော်ပြထားသည်။ ရန်ကုန်မြို့တွင် စစ်ဗိုလ်တစ်ဦး၏ ယောက္ခမဖြစ်သူအား ပစ္စည်းပို့သူဟန်ဆောင်၍ လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင် မုံးကိုးမြို့နယ်တွင် KIA နှင့် MNDAA တို့ ပူးပေါင်းတိုက်ခိုက်မှုကြောင်း စစ်ကောင်စီ၏ အမှတ် (၅၂၅) တပ်ရင်းတစ်ခုလုံးနီးပါ ကျဆုံးခဲ့ကြောင်း Kachinwaves က ဖော်ပြထားသည်။ တပ်ရင်းမှူး ၃ ဦးအနက် တပ်ရင်းမှူးနှစ်ဦးသေဆုံးခဲ့ပြီး အခြားတဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံမှ ဝယ်ယူထားသော Sinopharm ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၂ သန်း ဩဂုတ်လ ၂၈ရက်နေ့က ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာကြောင်း Popular News က ဖော်ပြထားသည်။ မြန်မာနိုင်ငံတရုတ်ကုန်သည်များ အသင်းချုပ် (MCCOC) မှ ဦးဆောင်၍ သြဂုတ်လ ၂၁ ရက်နေ့မှစ၍ Sinopharm ဆေးများဖြင့် ဆေးထိုးနှံမှုများ ပြုလုပ်နေကြောင်း သိရသည်။

Comments
Post a Comment