၁၆-၁၇ စက်တင်ဘာ၊ ၂၀၂၁
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စစ်သားများ၏ အမျိုးသမီးများကိုပါ စစ်တိုက်ရန် စစ်ကောင်စီက ခိုင်းစေနေကြောင်း စက်တင်ဘာလ ၁၄ ရက် ရက်စွဲဖြင့် ပေါက်ကြားလာသော တပ်တွင်းကြေးနန်းစာတစ်စောင်အရသိရကြောင်း CDM စစ်သားများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့စစ်သားအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယခင်ကလည်း အသက် ၁၅/၁၆ နှစ်ခန့်သာရှိသော စစ်သားများ၏ သားသမီးများကိုလည်း လက်နက်တပ်ဆင်ပေးနေမှုများရှိနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဘူးသည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ကျင်းပသော ဗိုလ်လောင်းသင်တန်းသို့လည်း တက်ရောက်ရန် စာရင်းပေးသူများ မရှိသည့်အခြေအနေကို ကြုံတွေ့နေရကြောင်းသတင်းများက ဖော်ပြထားသည်။ NUG ၏ ထုတ်ပြန်ချက်အရ နိုင်ငံအနှံ့တွင် တိုက်ခိုက်မှုများကြောင့် စစ်သား ၁၇၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်းသိရသည်။
စက်တင်ဘာလ ၁၆ ရက် ညက ချင်းပြည်နယ် မတူပီမြို့တွင် တပ်စွဲထားသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကသာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၃၀၉) ၏ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူးတစ်ယောက်နှင့် စစ်သည်တစ်ယောက်တို့ အချေအတင်စကားများကြပြီးနောက် အဆိုပါဗိုလ်မှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း DVB ကဖော်ပြထားသည်။ အဆိုပါဗိုလ်မှူးသည် စိတ်ကယောင်ချောက်ခြားဖြစ်ပြီးနောက် မိမိကိုယ်ကို သတ်သေခြင်းဖြစ်သည်ဟူ၍လည်း သတင်းများထွက်ပေါ်နေသည်။
စစ်ကောင်စီက ရဟတ်ယာဉ်ပါ အသုံးပြုခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ရှိ မယ်သဲကြိုးရွာတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဥ်ပါအသုံးပြုပြီးတိုက်ခိုက်ခဲ့သဖြင့် ချောင်းဦး PDF အဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ပြီး တစ်ဦးဖမ်းဆီးခံရကြောင်း အဆိုပါအဖွဲ့ခေါင်းဆောင်က Myanmar Now ကို ပြောဆိုသည်။ စက်တင်ဘာ ၁၇ ရက်နေ့တွင် ညင်းပန်းနှိပ်စက်ခံထားရသည့် လက္ခဏာများဖြင့် ပြန့်ကျဲနေသည့် အလောင်းများအား ကျေးရွာအနီးတဝိုက်တွင် တွေ့ရှိရကြောင်း အမည်မဖော်လိုသည့် ရွာခံတစ်ဦးက Myanmar Now ကိုပြောဆိုသည်။
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အမာခံ ဦးမျိုးချစ်အား ဖမ်းဆီးရမိခြင်းမရှိသဖြင့် ကင်ဆာဝေဒနာ ခံစားနေရသော ၎င်း၏အမျိုးသမီးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း Irrawaddy က ဖော်ပြထားသည်။ သူမအား ပြန်လွှတ်စေချင်ပါက ၎င်းတို့အလိုရှိနေသော ရွာသား ၁၀ ဦးနှင့် လဲလှယ်ရမိဖြစ်သည်ဟု စစ်သားများက တောင်းဆိုထားကြောင်း ဒေသခံတဦးက ပြောဆိုခဲ့သည်။ ထို့အတူ မန္တလေးတိုင်း တောင်သာမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဌကို ရှာမတွေ့သဖြင့် စက်တင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းခေါ်သွားသည့် အသက် ၁၄ နှစ် အရွယ် မောင်ခန့်ဝေလင်းအား ယနေ့အထိ လွတ်ပေးခြင်းမရှိသေးကြောင်း Myanmar Now က ဖော်ပြထားသည်။
စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများနှင့် အင်အားဖြည့်တင်းနေမှုများကြောင့် မိုးရာသီအပြီးကာလတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများရှိနေသည်။ နယ်ပြောင်းရဲတပ်သား ၄၀ အပါအဝင် ရိက္ခာများနှင့် စစ်သားအများအပြားတင်ဆောင်ထားသော ထရပ်ကား ၁၄ စီးနှင့် သံချပ်ကာကားနှစ်စီးသည် မကွေးတိုင်း ပခုက္ကူဘက်မှ ချင်းပြည်နယ် မင်းတပ်ဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း Mizzima က ဖော်ပြထားသည်။ စက်တင်ဘာလ ၁၇ ရက်နေ့က ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိက ခိုင်ကမ်းမြို့ ကိုးမိုင်ရဲစခန်းအား CDF – KKG အဖွဲ့၊ Civil Defense Militia (CDM) အဖွဲ့နဲ့ PDF (Zoland) အဖွဲ့ ၃ ဖွဲ့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း PDF-Zoland က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာလ ၁၇ ရက်နေ့ ညက ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွင် စစ်ကောင်စီ ယာဉ်တန်းအား ခရမ်း PDF က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ၎င်းတို့ဘက်မှ လူငယ်နှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အခြားလူငယ်တစ်ဦးလည်း ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားကြောင်း ခရမ်း PDF ဘက်က RFA ကို အတည်ပြုပြောဆိုခဲ့သည်။ RFA ၏ ပြုစုထားသောစာရင်းအရ ရန်ကုန်မြို့၌ စက်တင်ဘာလ ၁၇ ရက်တစ်နေ့ထဲတွင် ဗုံးပေါက်ကွဲမှု ၂၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၆ ရက် ညက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ စစ်တပ်ပိုင် မြန်မာဘီယာရုံးကို ဒေသခံ PDF အဖွဲ့ဝင်များက ဗုံးဖောက်ခွဲ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ စစ်အုပ်စုပိုင် Mytel တာဝါတိုင်များ ရုံးများအပြင် စစ်အုပ်စုပိုင် အခြားသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာဘီယာလုပ်ငန်း ပထမဆုံးအကြိမ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှာ လက်ရှိသုံးစွဲနေသော ငါးထောင်ကျပ်တန်နှင့် တစ်သောင်းကျပ်တန် ငွေစက္ကူများအား တရားဝင်ငွေစက္ကူအဖြစ်မှ ရပ်စဲလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြေညာချက်အတုတစ်စောင် အင်တာနက်တွင် ပြန့်နှံလာခဲ့သည်။ အဆိုပါစာသည် အတုသာဖြစ်ကြောင်း ဗဟိုဘဏ်က ပြန်လည်ရှင်းလင်းခဲ့သည်။ အဆိုပါကြေညာချက်အတုကို ပြန့်ဝေခဲ့သူဟု ယူဆရသူ ၂ ဦးအား စစ်ကောင်စီက ဖမ်းဆီးရမိကြောင်း ကောလဟလသတင်းများလည်း ထွက်ပေါ်ခဲ့သည်။



Comments
Post a Comment