၂၀-၂၁ စက်တင်ဘာ၊ ၂၀၂၁
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ခုခံတော်လှန်စစ်ကြေညာပြီးနောက် နေရာအနှံ့ ခုခံတိုက်ခိုက်မှုများ မြှင့်တက်လာသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သဘောမတူကြောင်း ကောလဟလများထွက်ပေါ်လာသည်။ သို့သော် စက်တင်ဘာလ ၂၀ ရက်နေ့က သူမ၏ ရုံးချိန်းတွင် သူမအနေဖြင့် ပြည်သူလူထု၏ ဆန္ဒနှင့်ပတ်သက်၍ ဘယ်တော့မှဆန့်ကျင်မည်မဟုတ်ဟု သူမ၏ ရှေ့နေအဖွဲ့အားပြောဆိုခဲ့ကြောင်း Irrawaddy က ဖော်ပြထားသည်။
NUG အနေဖြင့် PDF များအား လက်နက်တပ်ဆင်ပေးနေကြောင်း လက်နက်တပ်ဆင်ပေးမှုမှာ ၅၀၀၀ ကျော်ပီဟူ၍ NUG ၏ သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က ၎င်း၏လှုမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။ NUG အနေဖြင့် ဒေါ်လာသန်း ၈၀၀ ခန့်ရှိသော ဘတ်ဂျက်ကိုလည်း ရေးဆွဲပြင်ဆင်နေကြောင်း သိရသည်။ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပဋိပက္ခများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၄၅ ဦးခန့် သေဆုံးခဲ့ပြီး ၁၄၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါကာလအတွင်း တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် ပြည်သူ ၉၃ ဦးသေဆုံးခဲ့ပြီး ၆၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ထန်ထလန်မြို့တွင် သင်းအုပ်ဆရာ ကျည်ထိမှန်သေဆုံးခဲ့ခြင်းသည် သတင်းမီဒီယာများ၏ တစ်ဖက်သတ်လုပ်ကြံ သတင်းလွှင့်ခြင်းသာဖြစ်ပြီး ၎င်းတို့အနေဖြင့် ထပ်မံစုံစမ်းစစ်ဆေးနေကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက စစ်တပ်မီဒီယာ MWD သို့ပြောဆိုခဲ့သည်။ စက်တင်ဘာလ ၁၈ ရက်နေ့မှစ၍ ထန်ထလန်မြို့ရှိ ဒေသခံများက မြို့ကိုစွန့်ခွာနေကြပြီး တစ်မြို့လုံးတွင် ကိုးဗစ်ရောဂါဖြစ်ပွားသူ ၂ ဦး အပါအဝင် နေထိုင်သူ ၂၈ ဦးသာ ကျန်ရှိတော့ကြောင်း Chin World က ဖော်ပြထားသည်။
စက်တင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ လူငယ်တက်ကြွလှုပ်ရှားသူ ခုနစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၎င်းတို့အား သြဂုတ်လအတွင်း ရန်ကုန်မြို့ရှိ ကမ္ဘာ့ရတနာဘဏ်နှစ်ခုအား ဓားပြတိုက်သူများအဖြစ် စစ်ကောင်စီ၏ သတင်းမီဒီယာက ကြေညာခဲ့သည်။ စစ်ကောင်စီသည် ရန်ကုန်မြို့တွင် လူငယ်များအား ကြုံသလိုဖမ်းဆီးနေပြီး PDF အဖွဲ့ဝင်များအဖြစ် ခေါင်းစဥ်တပ် စွပ်စွဲလေ့ရှိကြောင်း အင်တာနက်အသုံးပြုသူများက ဝေဖန်နေကြသည်။
မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်း CNF ချင်းလက်နက်ကိုင်အဖွဲ့ဝင် ၆ ဦး စက်တင်ဘာလ ၂၂ ရက်နေ့ကရောက်ရှိသည်ဟု သတင်းပေါက်ကြားသဖြင့် စစ်ကောင်စီဘက်က ၎င်းတို့အား ဖမ်းဆီးရမိရေး စစ်ဆေးဆောင်ရွက်နေကြောင်း ဒေသခံတစ်ဦးက Burma VJ သို့ပြောဆိုခဲ့သည်။ မကွေးမြို့အခြေစိုက် တင့်ကားတပ်ဖွဲ့မှ စစ်သား ၁၀ ယောက်သည် စက်တင်ဘာလ အစောပိုင်းက CDM ပြုလုပ်ခဲ့ပြီး NUG နှင့် ချိတ်ဆက်နိုင်အောင် ၎င်းတို့မှ ဆောင်ရွက်ပေးခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးအင်အားစု PRA တပ်ဖွဲ့က DVB ကိုပြောဆိုခဲ့သည်။ သိရပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့က နေပြည်တော် လယ်ဝေးမြို့နယ်ရှိ မြို့ဝင်စစ်ဆေးရေးဂိတ်အား နေပြည်တော် PDF က ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် ရဲသုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားကြောင်း ၎င်းတို့က သတင်းထုတ်ပြန်ခဲ့သည်။ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ တရုတ်စီးပွားရေးမြှုပ်နှံမှုတစ်ခုဖြစ်သော မြန်မာ-ဝမ်ပေါင် ကုမ္ပဏီလုပ်ကွက်သို့ ဆက်သွယ်ထားသည့် ရေပိုက်လိုင်း ၁ ခုအား စက်တင်ဘာ ၂၀ ရက်က အမည်မသိအဖွဲ့တစ်ခုက မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း DVB ကဖော်ပြထားသည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှ စစ်ကောင်စီတပ် အင်အား ၃၀၀ ခန့်သည် KIO ထိန်းချုပ်နယ်မြေ လိုင်ဇာဘက်သို့ ဦးတည်ကာ စက်တင်ဘာလ ၂၀ ရက်နေ့က ထွက်ခွာသွားကြောင်း KNG media က ဖော်ပြထားသည်။ ဒေသခံများ၏အဆိုအရ ဒေါ့ဖုန်းယန်နှင့် ခယာဘွမ့်အနီးတဝိုက်တွင် စစ်ကောင်စီတပ်အင်အား ၁ ထောင်ဝန်းကျင်ခန့်အထိပင် စစ်အင်အားဖြည့်တင်းထားပြီးဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၁၉ ရက်နေ့ ညက စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် လိပ်ခြံကျေးရွာအနီးတွင် စစ်ကောင်စီသတင်းပေးတယ်လို့ယူဆရသော မိသားစုတစ်ခုအား အမည်မသိ အဖွဲ့အစည်းတခုက လာရောက်ပစ်ခတ်စဥ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး မိသားစုဝင် ၅ ဦးစလုံး သေဆုံးသွားကြောင်း ဒေသခံများက DVB ကိုပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း တရုတ်နိုင်ငံထုတ် ကိုဗစ် ၁၉ ကာကွယ်ဆေး ဆိုင်နိုဖန်းဖြင့် ကာကွယ်ဆေးထိုးပေးရာတွင် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Arakan Army ကိုလည်း ကာကွယ်ဆေးများပေးအပ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီခန့်အပ်ထားသော ပြည်နယ်ကောင်စီဝင်က BBC သို့ပြောဆိုခဲ့သည်။ စစ်ကောင်စီ၏ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးအစီအစဥ်အတွက် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူက Western News သို့ပြောဆိုခဲ့သည်။
Comments
Post a Comment