၂၅-၂၇ စက်တင်ဘာ၊ ၂၀၂၁

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Air ကမ္ဘောဇလေကြောင်းလိုင်းမှ ဝန်ထမ်းများသည် လေယာဥ်များစက်ချို့ယွင်းပြီး ပျံသန်းနိုင်ခြင်းမရှိစေရန် (သို့မဟုတ်) ပျက်ကျစေရန် ဆောင်ရွက်ခဲ့သဖြင့် ဖမ်းဆီးထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ Line Maintenance Manager တစ်ဦး CDM ပြုလုပ်ထားသော ဝန်ထမ်းတစ်ဦးနှင့် အခြားသောဝန်ထမ်း ၃ ဦးတို့ပူးပေါင်းကြံစဥ်၍ လေယာဉ်နှစ်စင်း၏ Pitot Tube တွင် သစ်ရွက်များထည့်သွင်းထားခြင်း ဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စက်တင်ဘာ ၂၅ ရက်နေ့က ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် မြေနီကုန်းတံတားအနီးတွင် လူငယ် ၃ ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးလိုက်ပြီး လမ်းမပေါ်တွင်ပင် သေနတ်ဖြင့်တေ့၍ ပစ်ခတ်သတ်ဖြတ်လိုက်သည့် သက်သေအထောက်အထားများ ဒေသခံများဆီမှ ရရှိထားကြောင်း Khit Thit ကဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ်တွင် ဒေသခံ PDF သုံးဖွဲ့သည် KIA တပ်ဖွဲ့၏ ကြီးကြပ်မှုဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စက်တင်ဘာလ ၂၄ ရက်နေ့ကတိုက်ခိုက်ခဲ့သောကြောင့် SAC ဘက်မှ ၂၅ နှင့်အထက်သေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာများကဖော်ပြထားသည်။ အဆိုပါတိုက်ပွဲပြီးနောက် စက်တင်ဘာလ ၂၆ ရက်နေ့မှစ၍ စစ်ကိုင်းတိုင်းအတွင်းရှိ တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေသော ပင်လယ်ဘူး ကောလင်းနှင့် ဝန်သိုမြိုန့ယ်တို့တွင် SAC က အင်တာနက်လိုင်းများပြတ်တောက်ခဲ့သဖြင့် အင်တာနက်ပြတ်ထားသော မြို့နယ် စုစုပေါင်း ၂၅ ခုထိရှိလာပြီဖြစ်သည်။ ထို့အပြင် ပင်လယ်ဘူးတွင် SAC က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကြောင်း ဒေသခံ PDF များ၏ လူမှုကွန်ယက်တွင်ဖော်ပြထားသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်တာဝန်ထမ်းဆောင်ခဲ့သော ဒုရဲအုပ် ချယ်ရီထက်အား စက်တင်ဘာ ၂၃ ရက်က နေပြည်တော်တွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီက အမှုဖွင့်ထားကြောင်း DVB က ဖော်ပြထားသည်။ သူမသည် NUG နှင့်အဆက်အသွယ်ရှိကြောင်း သူမ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်ကို သတိရသည်ဟုရေးထားကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။ ချင်းပြည်နယ်မင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင်များနှင့် ဒေသခံများအား အခမဲ့ဆေးကုသပေးနေသော ဒေါက်တာအေးငြိမ်းကိုလည်း CDF များအတွက် လက်နက်ဝယ်ယူပေးသည်ဟု စစ်ကောင်စီက စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်လိုက်သည်။

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့တွင် စက်တင်ဘာလ ၂၅ ရက်နေ့မှစ၍ စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များအပြင်းအထန်တိုက်ပွဲဖြစ်ပွားနေကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။ ချင်းပြည်နယ်အတွင်းရှိ CDF များအား ၂ ပတ်အတွင်း အမြစ်ပြတ်ရှင်းလင်းမည်ဟု စစ်ကောင်စီက သတင်းလွှင့် ထားကြောင်း CDF တပ်ဖွဲ့ဝင်များ၏ လူမှုကွန်ယက်တွင်ရေးသားထားသည်။ ကရင်နီပြည်နယ်တွင် Karenni State Police ဖွဲ့စည်းပြီးနောက် ဒုတိယတစ်ခုအနေဖြင့် ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်ရှိ ပြည်သူလူထု၏ အသက်အိုးအိမ် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် Civil Disobedience Movement တွင်ပါဝင်ကြသော ရဲတပ်ဖွဲ့ဝင်များမှ People’s Police Force - Zoland ကို စက်တင်ဘာ ၂၄ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။ 

NLD ခေါင်းဆောင်များဖမ်းဆီးခံရသော်လည်းဘဲ NLD ခန့်အပ်ထားသော ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူနှင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့သည် ဖမ်းဆီးခံရခြင်းမရှိဘဲ နေပြည်တော်ရှိ ၎င်းတို့၏ အစိုးရအိမ်တော်များတွင်ပင် နေထိုင်လျက်ရှိကြောင်း BBC ကထုတ်ပြန်ခဲ့သည်။ ဦးဟင်နရီဗန်ထီးယူသည် စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ဦးတီခွန်မြတ်သည် ကြံ့ခိုင်ရေးပါတီဝင်ဖြစ်သည်။ BBC နှင့်ပြုလုပ်သော အင်တာဗျူးတွင် ဦးကျော်မိုးထွန်းက ၎င်း၏နေရာတွင် နောက်ထပ်တစ်နှစ် ထပ်နေရန်အတွက် ကမ္ဘာ့နိုင်ငံကြီးများအကြား သဘောတူနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Comments