၂၃-၂၄ စက်တင်ဘာ၊ ၂၀၂၁
စက်တင်ဘာလ ၂၃ ရက်နေ့ညနေမှစတင်၍ စစ်ကောင်စီသည် ချင်းပြည်နယ်ရှိ ဟားခါးမှလွဲ၍ မြို့နယ် ၈ နှင့် မကွေးတိုင်းရှိ ဂန့်ဂေါ မြိုင် ထီးလင်း မြို့နယ် စုစုပေါင်း မြို့နယ်ပေါင်း ၁၁ ခုတွင် အင်တာနက်ဆက်သွယ်မှုအား ဖြတ်တောက်လိုက်သည်။ အဆိုပါဒေသအများစုတွင် အင်တာနက်ပြတ်တောက်သွားပြီး အချို့နေရာတွင် 2G သာရရှိတော့ကြောင်း လူမှုကွန်ယက်အသုံးပြုသူတချို့က ရေးသားထားသည်။ အင်တာနက်ဖြတ်တောက်ရခြင်းအကြောင်းအရာအတိအကျမသိရသော်လည်းဘဲ စစ်ကောင်စီသည် အဆိုပါ မြို့နယ်များတွင် ဒေသခံ PDF များ၏ လက်နက်ကိုင် တိုက်ခိုက်မှုများကိုပြင်းပြင်းထန်ထန်ကြုံတွေ့နေရသည်။ ထို့အပြင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသော ကရင်နီပြည်နယ် ဒီမောဆိုမြို့နယ်တွင်လည်း ယနေ့ညနေမှစ၍ အင်တာနက်ပြတ်တောက်သွားပြီဖြစ်ကြောင်း အင်တာနက်စာမျက်နှာအချို့တွင် ဖော်ပြထားသည်။
ယခင်ကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအားကောင်းသော ကချင်ပြည်နယ် ဖားကန့်မြို့နယ် စစ်ကိုင်းတိုင်း မကွေးတိုင်း မန္တလေးတိုင်းတို့ရှိ မြို့နယ် ၁၁ မြို့နယ်တွင်လည်း စစ်ကောင်စီက လက်ရှိအချိန်အထိအင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်။ ရခိုင်ပြည်နယ်တွင် စစ်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သော ၂၀၁၉ ခုနှစ်ကလည်း စစ်တပ်က ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှု ၁ နှစ်ကြော်ကြာပြုလုပ်ခဲ့သဖြင့် ဒေသခံ ၁.၄ သန်းကျော် သတင်းအမှောင်ကျခဲ့ပြီး လူ့အခွင့်အရေးဆိုးရွားစွာထိခိုက်ခဲ့ရသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ စာရင်းအရ အဆိုပါ ချင်းပြည်နယ် ၈ မြို့နယ်တွင် လူဦးရေ ၄၈၀,၀၀၀ ကျော် နေထိုင်ကြောင်း Irrawaddy က ဖော်ပြထားသည်။ ထို့အပြင်စက်တင်ဘာလ ၂၄ ရက်နေ့နေ့လည်ပိုင်းမှစ၍ မြန်မာပြည်နေရာအများအပြားတွင် လျှပ်စစ်မီးများပြတ်တောက်ခဲ့ကြောင်း လူမှုကွန်ယက်တွင်ရေးသားထားကြသည်။
ရဲမိသားစုအသတ်ခံခဲ့ရသော စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ရှိ ကျီကုန်းကျေးရွာအား စစ်ကောင်တပ်ဖွဲ့ဝင်များက ယနေ့တွင် ထပ်မံမီးရှို့ခဲ့သဖြင့် အဆိုပါရွာနှင့်အနီးနားရှိရွာများမှ ပြည်သူထောင်ချီနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြောင်း Irrawaddy က ဖော်ပြထားသည်။ စက်တင်ဘာ ၂၃ ရက်နေ့က မန္တလေးတွင် လုံခြုံရေးကင်းစောင့်နေသော စစ်ကောင်စီရဲဘော်တစ်ဦးသည် မိမိကိုယ်ကို သေနတ်ဖြင့်အဆုံးစီရင်ခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ စစ်အာဏာသိမ်းပြီးနောက် စိတ်ဖိစီးမှုများကြောင့် စစ်သားများနှင့် ရဲများသည် မိမိကိုယ်ကိုအဆုံးစီရင်ခြင်းများ တပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုများ ခပ်စိတ်စိတ်ဖြစ်ပွားလာကြောင်း သတင်းမီဒီယာများက ဖော်ပြကြသည်။
အမြင့်ဆုံး ထောင်ဒဏ် ၁၄နှစ်ထိချက်မှတ်ခံရနိုင်သော မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်ဥပဒေ ပုဒ်မ ၃ (၁)(ဂ) ဖြင့်တရားစွဲဆိုခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် သြစတေးလျနိုင်ငံသား စီးပွားရေးအကြံပေး ရှောင်တာနယ်အပါအဝင် စုစုပေါင်း ငါးဦးအား နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံးတွင် စက်တင်ဘာ ၂၃ မှစ၍ စတင်ကြားနာနေပီဖြစ်ကြောင်း Burma Associated Press ကဖော်ပြထားသည်။
ဝတပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေသို့ ကုန်စီးဆင်းမှုများအား စစ်ကောင်စီက ပိုမိုတင်းကြပ်လာနေကြောင်း Shwe Phee Myay News က ဖော်ပြထားသည်။
စစ်ကောင်စီသည် ယခင်ကတည်းက အခြေခံစားသောက်ကုန်ပစ္စည်း (၁ဝ) မျိုးအား UWSA ထိန်းချုပ်နယ်မြေထဲသို့ တင်သွင်းခွင့်ပိတ်ပင်ထားကြောင်း ၎င်းနှင့် အပစ်ရပ်ထားပြီး ဆက်ဆံရေးကောင်းမွန်သော UWSA အပေါ် ထိုသို့ပြုလုပ်ခြင်းမှာ ပုံမှန်အနေအထားမဟုတ်ကြောင်း လူမှုကွန်ယက်တွင် ရေးသားပြောဆိုနေကြသည်။ ထို့အပြင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာတာဝန်အချို့ကို ၎င်းနှင့် အပစ်ရပ်ထားသည့် ရက္ခိုင့်တပ်တော် (AA) သို့ စားနပ်ရိက္ခာများထောက်ပံ့ခြင်းမပြုရန် စစ်ကောင်စီက သတိပေးထားကြောင်း Mizzima က ဖော်ပြထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းအပါအဝင် NUG ကိုယ်စားလှယ်များနှင့် စက်တင်ဘာ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း US Embassy က သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနေဖြင့် NUG ၏ ဦးဆောင်မှုနှင့် ပြည်သူများအတွက်လုပ်ဆောင်မှုများအား အသိအမှတ်ပြုကြောင်း ၎င်းကပြောဆိုခဲ့သည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးရန်အတွက် Facebook ကုမ္ပဏီက ဖယ်ရှားခဲ့သော အကောင့်များ၏ မှတ်တမ်းများအား ပေးအပ်ရန် ဝါရှင်တန်ရှိ ဖက်ဒရယ်တရားသူကြီးကက အမိန့်ချမှတ်ခဲ့ကြောင်း the Wall Street Journal က ဖော်ပြထားသည်။ ၂၀၁၇ ခုနှစ် ဩဂုတ်လမှစ၍ စစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်ခဲ့သော နယ်မြေရှင်းလင်းရေးအတွင်း ရိုဟင်ဂျာထောင်ချီအသတ်ခံခဲ့ရပြီး ၇ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။
Comments
Post a Comment