၂၈-၂၉ စက်တင်ဘာ၊ ၂၀၂၁

 

စက်တင်ဘာလ ၂၅ ရက်နေ့ မနက်က ရန်ကုန်မြို့ မြေနီကုန်းတံတားအနီးတွင် စစ်ကောင်စီတပ်များက အနီးကပ်သေနတ်ဖြင့် ပစ်သတ်လိုက်သော လူငယ် ၄ ဦးအနက် CDM စေတနာ့ဝန်ထမ်း ဆရာဝန် ဒေါက်တာဇင်လင်းနှင့် ရန်ကုန်ကုတင် ၅၀၀ ဆေးရုံကြီးမှ သူနာပြု မခင်ခင်ကြွယ်တို့ ပါဝင်ကြောင်း Khit Thit က ဖော်ပြထားသည်။ ၎င်းတို့သည် ရန်ကုန်မြို့ရှိ ဆန္ဒပြသည့်သပိတ်များတွင် ပါဝင်ကြသူများဖြစ်ပြီး အာဏာသိမ်းမှုမတိုင်ခင်က ကိုဗစ်ရောဂါကုသရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်သူများဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီကမူ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း ၎င်း၏တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အသတ်ခံရသူ ဒေါက်တာဇင်လင်း၏ ဇနီးကို စစ်ကောင်စီတပ်က ဖမ်းဆီးယနေ့တွင်ဖမ်းဆီးခဲ့ကြောင်း ဆွေမျိုးတဦးက Irrawaddy ကိုပြောဆိုခဲ့သည်။ ဒေါက်တာဇင်လင်းသည် သေဆုံးချိန်တွင် လသားအရွယ်သားသမီးငယ်တစ်ဦး ကျန်ရစ်ခဲ့သည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုးသည် စံချိန်တွင်ကျဆင်းခဲ့ပြီး စက်တင်ဘာလ ၂၈ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ကျပ် ၂၇၀၀ အထိ ရောက်ရှိနေပြီဖြစ်ပြီး တရားမဝင်စျေးကွက်တွင် ၃၀၀၀ ကျပ်အထိပင် ပေါက်စျေးရှိနေကြောင်း RFA က ဖော်ပြထားသည်။ ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်နိုင်ရန်အတွက် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာများ နေ့စဥ်ရက်ဆက် သန်းချီရောင်းချနေသော်လည်းဘဲ ကျပ်ငွေစျေးနှုန်းများဆိုးဆိုးရွားရွားကျဆင်းနေခြင်းဖြစ်သည်။ ငွေကြေးစျေးနှုန်းတည်ငြိမ်မှုမရှိခြင်း ဝယ်လိုအားနှင့်ရောင်းလိုအား မျှတမှုမရှိခြင်းတို့ကြောင်း တရားဝင်လုပ်ကိုင်နေသော ငွေလဲကောင်တာများက ၎င်းတို့၏လုပ်ငန်းများအား ပိတ်သိမ်းလိုက်ပီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

စက်တင်ဘာလ ၂၇ ရက်နေ့က မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ အောက်တိုဘာလ ၁ ရက် မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ အပစ်ရပ်သက်တမ်းတိုးမြှင့်လိုက်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။ စစ်တပ်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ ယနေ့အထိ ၂ နှစ်နှင့် ၉ လတာ ကာလအတွင်း ယခုတစ်ကြိမ်အပါအဝင် အပစ်ရပ်သက်တမ်းတိုးမှု အကြိမ်ပေါင်း ၂၀ အထိပြုလုပ်ခဲ့သော်လည်းဘဲ နိုင်ငံအနှံ့တွင် စစ်တပ်၏ ထိုးစစ်များရပ်တန့်သွားခြင်း လုံးဝမရှိခဲ့ပေ။ စက်တင်ဘာ ၂၈ ရက်က နေပြည်တော်တွင်ကျင်းပသော စစ်ကောင်စီအစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မထိခိုက်စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်နေကြောင်း ပြောဆိုခဲ့သည်။ 

စက်တင်ဘာ ၂၁ ရက်ကနေ ၂၇ ရက်အတွင်း မြန်မာအနှံ့ဖြစ်ပွားသော တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် စစ်ကောင်စီတပ်သား ၂၂၄ ဦး သေဆုံးခဲ့သဖြင့် ရှေ့အပတ်နှင့်နှိုင်းယှဥ်ပါက သေဆုံးသူ နှစ်ဆတိုးလာကြောင်း NUG ၏ ထုတ်ပြန်ချက်အရသိရသည်။ စက်တင်ဘာလ ၁၃ရက်နေ့က စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် စစ်ကောင်စီတပ်များ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဥ် မော်လိုက်မြို့ အခြေစိုက် ခမရ (၃၆၅) မှ တပ်သား ၁၆ ဦးသည် ၎င်းတို့စစ်ကြောင်းမှထွက်ပြေးခဲ့ကြောင်း ဒေသခံ PDF အဖွဲ့က DVB ကို ပြောဆိုခဲ့သည်။ 

စက်တင်ဘာ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်များသည် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ရှိ ငွေတောင်ရွာနှင့် ညောင်ဝန်းရွာသို့ သွားရောက်ခဲ့ပြီး ရွာသားများအနေဖြင့် ရွာတွင်ဆက်နေထိုင်ပါက ရွာအားမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ရွာသားများက Myanmar Now ကို ပြောဆိုခဲ့သည်။ ကရင်နီပြည်နယ် လွိုင်ကော်မြို့သို့ ရိက္ခာဝယ်ရန်သွားသော ရွာသား ၂ ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ပြီး ၎င်းတို့၏အလောင်းများအား ကျင်းများထဲတွင် မြှပ်နှံခဲ့ကြောင်း BBC ကဖော်ပြထားသည်။ 

စက်တင်ဘာလ ၂၉ ရက်နေ့က တပ်မ ၆၆ ၏ စစ်ကား ၄၀ ကျော်ပါသော စစ်ကြောင်းနှင့် ကရင်နီပြည်နယ်ရှိ PDF နှင့် KNPP ပူးပေါင်းတပ်များသည် မိုးဗြဲနှင့် လွိုင်ကော်အကြား ကုန်းသာကျေးရွာအနီးတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ဖယ်ခုံ PDF မှ ၄ ဦး သေဆုံးခဲ့ကြောင်း ဖယ်ခုံ PDF က ထုတ်ပြန်ခဲ့သည်။ ဒလန်ရှင်းလင်းရေးအမည်တပ်၍ ဒေသခံများအား လုယက်သတ်ဖြတ်နေသော အဖွဲ့တစ်ဖွဲ့အား ၎င်းတို့အဖွဲ့မှ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရှင်းလင်းလိုက်ကြောင်း စစ်ကိုင်းတိုင်း ကလေးမြို့အခြေစိုက် PDF (Kalay) က သတင်းထုတ်ပြန်ခဲ့သည်။

Comments

Popular Posts