၁၈-၁၉ စက်တင်ဘာ၊ ၂၀၂၁
စက်တင်ဘာလ ၁၈ ရက်တွင် ချင်းပြည်နယ် ထန်တလန်မြို့လယ်ခေါင်မှာ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား ချင်းအမျိုးသားတပ်ဦး CNF ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ် CDF (ထန်တလန်) ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း CNF တပ်ဖွဲ့ရဲ့ သတင်းပြန် ကြားရေးတာဝန်ခံ ဆလိုင်းထက်နီက RFA က ဖော်ပြထားသည်။ စစ်ကောင်စီဘက်က လက်နက်ကြီးများပါအသုံးပြု၍ မြို့အတွင်းသို့ ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် ထန်တလန်မြို့ပေါ်ရှိ နေအိမ် ၁၈ လုံးနှင့် ဟိုတယ်တစ်ခု မီးလောင်ပျက်စီးခဲ့ကြောင်း The Thantlang Times က ဖော်ပြထားသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း CDF-Thantlang က ဖော်ပြထားသည်။
မီးလောင်နေသောအိမ်များအား မီးသတ်ရန်သွားသော ထန်တလန်ရာပြည့်နှစ်ခြင်းခရစ်ယာန် အသင်းတော် (TCBC) ရဲ့ သင်းအုပ်ဆရာ ကျူံးဗျက်ဟုမ်း (Pastor Cung Biak Hum) သည် စစ်ကောင်စီများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ဖုန်းနှင့် ပိုက်ဆံအိတ်တို့အပြင် ၎င်း၏ လက်ချောင်းကိုဖြတ်၍ မဂလာဆောင်လက်စွပ်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားကြောင်း Chin Baptist Convention ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ၎င်းသေဆုံးချိန်တွင် ကိုယ်ဝန်ဆောင်နေသော အမျိုးသမီးနှင့် ကလေးနှစ်ယောက်ကျန်ရှိခဲ့ကြောင်း သိရသည်။ မြို့နေလူထု တစ်သောင်းခန့်သည်လည်း ဘေးလွတ်ရာသို့ စွန့်ခွာနေကြပြီး အနီးနားရှိရွာများနှင့် အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။ စက်တင်ဘာလ ၁၈ ရက်နေ့ညတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဟားခါးမြို့အတွင်းရှိနေအိမ်တစ်ချို့ မီးလောင်ပျက်စီးခဲ့ရကြောင်း the Hakha Post က ဖော်ပြထားသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ကချင်ပြည်နယ် မြစ်ကြီးနားသို့ စက်တင်ဘာလ ၁၈ ရက်နေ့က ရောက်ရှိခဲ့ကြောင်းသိရသည်။ ၎င်းအား ကချင်ရိုးရာဝတ်စုံအပါအဝင်ရိုးရာလက်ဆောင်များပေးခဲ့သော ကချင်လူမျိုးဝန်ကြီးချုပ်အပါအဝင် မြို့ခံများ ဘာသာရေးဆရာများနှင့် ပွဲတက်ရောက်သူများအား အင်တာနက်အသုံးပြုသူများက ဝေဖန်နေကြသည်။ ၎င်းအနေဖြင့် ကချင်ပြည်နယ်မြောက်ပိုင်းရှိ ပူတာအိုမြို့သို့ သွားရောက်ရန်စီစဥ်ထားသော်လည်း ၎င်း၏လုံခြုံရေးတပ်ဖွဲ့ဝင်များအား မြစ်ကြီးနား-ပူတာအိုလမ်းမကြီးမှ KIA က ဖြတ်သန်းခွင့်မပေးသဖြင့် ခရီးစဥ်ဖျက်သိမ်းလိုက်ရကြောင်း NBung Dat Kasa က ဖော်ပြထားသည်။ မြစ်ကြီးနားမြို့လယ်တွင်လည်း လူငယ်များက ၎င်း၏ ခရီးစဥ်ကို ဆန္ဒပြမှုများဖြစ်ပွားခဲ့သေးသည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျူးလွန်ခဲ့သော ပြည်သူများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု အထောက်အထားများအား ကုသသမဂ္ဂလူ့အခွင့်အရေးကောင်စီထံသို့ အစီရင်ခံစာတင်သွင်းလိုက်ပီကြောင်း NUG ၏ လူ့အခွင့်အရေးဝန်ကြီးက သတင်းထုတ်ပြန်ခဲ့သည်။ စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ စစ်သား ၁ ဦးသည် သေနတ်နှစ်လက်နှင့်အတူ စက်တင်ဘာ ၁၉နေ့က ဟားခါး CDF ထံသို့ ရောက်ရှိခိုလှုံခဲ့ကြောင်း ၎င်း၏ ခရီးစဥ်အတွက်ဆောင်ရွက်ပေးခဲ့သော မုံရွာအခြေစိုက် PDF အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၁၆ မှစ၍ စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြည့်တင်းပြီး တပ်ဖြန့်နေကြောင်း Myanmar Now က ဖော်ပြထားသည်။ PDF များအင်အားကောင်းသော ချင်းတွင်းမြစ်အနောက်ဘက်ဒေသများဖြစ်သည့် မင်းကင်း ကနီ ယင်းမာပင် ပုလဲ မြိုင် စသည့် ဒေသများကို ထိုးစစ်ဆင်ရန်အတွက် စစ်ကောင်စီက ကုန်းကြောင်းအပြင် ရေကြောင်း လေကြောင်းတို့မှ လူသူ လက်နက်အင်အားဖြည့်တင်းမှု အများအပြားပြုလုပ်နေခြင်းဖြစ်ကြောင်း Irrawaddy က ဖော်ပြထားသည်။
ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် အင်းစိန်ထောင်မှ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကို တိုက်ပိတ်သည်ဟုသတင်းများ ထွက်ပေါ်နေကြောင်း Sister-to-sister က ဖော်ပြထားသည်။ ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ၄ ရက်အတွင်း လူငယ် ၃၅ ဦး ထက်မနည်း အဖမ်းခံရပြီး တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သူ ၁ ဦး ရှိကြောင်း Myanmar Now ကဖော်ပြထားသည်။
Comments
Post a Comment