၂၉-၃၀ ဩဂုတ်၊ ၂၀၂၁

 


စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးနေသော ရွာသားများ၏ အလောင်းများအားတွေ့ရကြောင်း ရွာသားတစ်ဦးက DVB ကိုပြောဆိုခဲ့သည်။ ဩဂုတ် ၂၆ ရက် မနက်ကတည်းက ကာပေါင်းကျကျေးရွာအတွင်းသို့ စစ်တပ်မှ အင်အားအလုံးအရင်းအရင်းဖြင့် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၇ ဦးရှိပီဖြစ်ကြောင်း သိရသည်။ 

သြဂုတ်လ ၂၈ ရက်နေ့ညက မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ရပ်ကျေး NLD ဥက္ကဌ ဦးကျော်ဦး၏ နေအိမ်အား စစ်ကောင်စီက ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး မိသားစုဝင်များအား ရိုက်နက်ခြင်း နေအိမ်အတွင်းရှိ ကျပ်သိန်း ၁၅၀ ကျော်တန်ဖိုးရှိ ပစ္စည်းများအား ယူဆောင်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း Mizziam က ဖော်ပြထားသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား လုပ်ကြံရန် နောက်ကွယ်မှ စေခိုင်းခဲ့သူမှာ ထိုင်းနိုင်ငံတွင်နေထိုင်သော ဟိုတယ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် အသက် ၆၀ အရွယ် ဦးအေးကိုဖြစ်ကြောင်း Mizzima ၏ စုံစမ်းဖော်ထုတ်မှုအရ သိရှိရသည်။ ၎င်းသည် A.K Construction and Industry Company Limited အားပိုင်ဆိုင်ပြီး စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သူဖြစ်ကြောင်းလည်း သိရသည်။  

ချင်းပြည်နယ် မတူပီမြို့ရှိ ခလရ-၁၄၀ တပ်တွင် သြဂုတ်လ ၂၉ ရက်နေ့က CDM ပြုလုပ်ရန်ရှိသော စစ်သားများကို ဗိုလ်မှူးတစ်ဦးမှ တပ်တွင်းဝါဒဖြန့်ကြေးနန်းစာ ဖတ်ပြနေစဉ် စစ်သားတယောက်မှ ၎င်းအား သေနတ်နှင့်ပစ်သတ်ခဲ့ပြီး မိမိကိုယ်တိုင်လည်း အဆုံးစီရင်သွားကြောင်း သိရသည်။ စစ်တပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွတ်ပေးပြီး ရွေးကောက်ပွဲမကြာခင် ကျင်းပပေးတော့မည်ဖြစ်သောကြောင့် စစ်သားများအနေဖြင့် CDM ပြုလုပ်ရန်မလိုကြောင်း ပြောဆိုခဲ့သည်ဟု ဒေသခံတစ်ဦးက Khonumthung Burmese ကို ပြောဆိုခဲ့သည်။ 

သြဂုတ်လ ၃၀ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ Dawei People Defense Force တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းမီးရှို့ခဲ့သဖြင့် ငွေကျပ်တန်ဖိုး သိန်း ၁ ထောင်ဖိုးခန့် ဆုံးရှုံးခဲ့ရကြောင်း PDF တာဝန်ခံတစ်ဦးက Irrawaddy ကို ပြောဆိုသည်။ ၎င်းတို့၏ တပ်ဖွဲ့ဝင်များ လွတ်မြောက်သွားသော်လည်း ရွာသား ၂၀ ကျော်အား စစ်ကောင်စီက ဖမ်းဆီးသွားကြောင်းသိရသည်။ သြဂုတ်လ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ရှိ ရွှေဘို - မြစ်ကြီးနားကားလမ်းပေါ်တွင် စစ်ကောင်စီယာဉ် ၅ စီးအား ဒေသခံ PDF များက မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်သား ၄၀ ဦးခန့်သေဆုံးနိုင်သည်ဟု အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောဆိုသည်။

Comments

Popular Posts