၂-၃ စက်တင်ဘာ၊ ၂၀၂၁
တိုင်းရင်းသားပြည်နယ် ၆ ခုတွင် လက်ရှိအချိန်အထိ CDM ဝန်ထမ်း ၅၂,၀၀၀ ခန့်ရှိကြောင်း Federal Journal က စက်တင်ဘာလ ၂ ရက်နေ့က ဖော်ပြထားသည်။ အဆိုပါပြည်နယ်များအနက် ချင်းပြည်နယ်သည် CDM အချိုးအစားအများဆုံးဖြစ်ပြီး ဝန်ထမ်းစုစုပေါင်း၏ ၇၂ ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်ရှိ ကျေးရွာ ၁၉ ရွာမှ ဒေသခံ ၅သောင်းကျော်သည် စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်စီးနင်းမည်ဆိုသည့် ကောလဟလသတင်းများကြော်င့ စက်တင်ဘာလ ၃ ရက်တွင်က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံပြည်သူများက Khit Thit ကို ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မြို့ ပျဥ်းမနားမြို့နယ်တွင် ဩဂုတ် ၃၀ ရက်က စစ်ကောင်စီတပ်၏ ယာဉ်တန်းကို ၎င်းတို့မှ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၁ ဦးသေဆုံးသွားကြောင်း နေပြည်တော် PDF က ထုတ်ပြန်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုသည် နေပြည်တော်နယ်မြေအတွင်း ပထမဆုံးအကြိမ်ဖြစ်ပွားသော တိုက်ခိုက်မှုဖြစ်သည်။ စစ်ကောင်စီက အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သော်လည်းဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Myanmar Now ထံသို့ အတည်ပြုခဲ့သည်။
စက်တင်ဘာလ ၁ ရက်နေ့က မွန်ပြည်နယ် ပေါင်မြို့နယ်တွင် စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး သေဆုံးသွားခဲ့ပြီး ၄ နှစ်အရွယ်ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း Irrawaddy က ဖော်ပြထားသည်။ မွန်ပြည်နယ် ရေးမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်မြေအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့် လာရောက်တပ်စွဲထားကြောင်း Than Lwin Times က ဖော်ပြထားသည်။ NMSP သည် NCA စာချုပ်ရေးထိုးထားပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားမှုမရှိသော အဖွဲ့ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ၁၀ ဖွဲ့နှင့် စစ်တပ်တို့ လက်မှတ်ရေးထိုးထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ပျက်ပြယ်သွားပြီဟု မှတ်ယူကြောင်း KNU Concerned Group က ထုတ်ပြန်ထားသည်။ အဆိုပါအဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန်က ၎င်းတို့အနေဖြင့် NUG အား ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း Khit Thit သို့ပြောဆိုခဲ့သည်။
ပဲခူးမြို့တွင် စစ်ကောင်စီမှပြုလုပ်သော ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် စာရင်းလိုက်ကောက်နေပြီး အချို့သောရပ်ကွက်များတွင် စာရင်းပေးသူများ များပြားနေကြောင်း Mizzima က ဖော်ပြထားသည်။ ရပ်ကွက်အတွင်းရှိ လူငယ်ယောင်္ကျားလေးများ စာရင်းများကိုလည်း လိုက်လံကောက်ယူနေကြောင်း ရပ်ကွက်တခုလျှင် အနည်းဆုံး၁၀ဦးမှ ၄၀အထိ ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် စစ်ကောင်စီမှ တောင်းခံနေကြောင်း မတက်ရောက်နိုင်ပါက ငွေကျပ် ၁,၅၀၀ မှ ၂,၀၀၀အထိ ပေးဆောင်ရကြောင်း ဒေသခံများက ပြောဆိုသည်။ သင်တန်းသားများအား တစ်လလျင် တစ်သိန်းခွဲထောက်ပံ့ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
အာဏာသိမ်းပြီး ၇ လအကြာတွင် ကျပ်ငွေတန်ဖိုး ၃၀ ရာခိုင်နှုန်းအထိ စံချိန်တင်ကျဆင်းနေပြီး ၁၀ နှစ်ကြာပျောက်ကွယ်သွားခဲ့သည့် ဒေါ်လာမှောင်ခိုဈေးကွက်များလည်း ပြန်လည်ပေါ်ပေါက်လာကြောင်း Myanmar Now က ဖော်ပြထားသည်။ ၇ ကြိမ်မြောက် ယူကေ၏ ထပ်တိုးအရေးယူပိတ်ဆို့မှုတွင် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနှင့် ၎င်း၏ ထူးလုပ်ငန်းစုများအား ထည့်သွင်းလိုက်ကြောင်း ယူကေအစိုးရက ကြေညာခဲ့သည်။



Comments
Post a Comment