၃၁ ဩဂုတ်- ၁ စက်တင်ဘာ၊ ၂၀၂၁
မန္တလေးတိုင်း မြစ်ငယ်မြို့ရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်သော မီးရထားဝန်ထမ်း ၁၀၀၀ ကျော်အား စစ်ကောင်စီက ရာထူးမှထုတ်ပယ်လိုက်ကြောင်း Irrawaddy က ဖော်ပြထားသည်။ ၎င်းတို့အနေဖြင့် ၆ လအတွင်း အယူခံတင်သွင်းနိုင်ကြောင်းနှင့် ယခင်အစိုးရက ပေးအပ်ထားသော အတိုးမဲ့ ၂ လစာ ချေးငွေအား ပြန်လည်ပေးသွင်းမရှိပါက တရားစွဲဆိုခံရမည်ဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်တွင် လူငယ် ၃၁ ဦး ဩဂုတ် ၃၁ က ဖမ်းဆီးခံခဲ့ရကြောင်း Myanmar Now က ဖော်ပြထားသည်။
ချင်းရေးရာအဖွဲ့ချုပ် (ICA) ၏ စာရင်းများအရ စစ်ကောင်စီတပ်များ၏ တိုက်ခိုက်မှုများကြောင့် ယခုသြဂုတ်လ ၃၁ ရက်နေ့အထိ ချင်းတိုင်းရင်းသား ၁၀၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် ၅၇ ဦးမှာ အရပ်သားများဖြစ်ပြီး အမျိုးသမီး (၇) ဦးနှင့် ၁၈ နှစ်အောက် ကလေးသူငယ် (၁၄) ဦးပါဝင်ကြောင်း ကျန် (၅၁) ဦးမှာ ချင်းတော်လှန်ရေးအဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။ တိုက်ပွဲများဖြစ်ပွားနေသော ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင်တွင် ဩဂုတ်လအတွင်း တိုက်ပွဲ ၁၃၀ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၁၈ ဦး သေဆုံး၍ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၆၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNLA ဘက်မှလည်း ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ (၅) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာကလ ၁ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း လဲချားတွင် တပ်သားတစ်ဦးသည် တပ်စခန်းရှိ သေနတ် ၄ လက်နှင့် စခန်းရံပုံငွေများယူဆောင်၍ ဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေးကြောင်း Shan News ကဖော်ပြထားသည်။ စစ်ကိုင်းတိုင်း ကလေးမြို့တွင်လည်း သြဂုတ်လ ၃၁ ရက်နေ့က တပ်သားအယောက် ၂၀ လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးသွားကြောင်း We Support Heroes စာမျက်နှာက ဖော်ပြထားသည်။ စစ်ကားတွေ ရယာဉ်ယာဥ်များဖြင့် အင်အားအလုံးအရင်းသုံးကာ ၎င်းတို့အား စစ်ကောင်စီက ရှာဖွေနေကြောင်း ကလေး PDF တစ်ဦးထံက ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးသံတမန်သည် ကြိုတင်ကြေညာခြင်းမရှိဘဲ မြန်မာသို့ သြဂုတ် ၂၁ ရက်မှ သြဂုတ် ၂၈ ရက်အထိ လာရောက်ခဲ့ကြောင်း the Straits Times က ဖော်ပြထားသည်။ မြန်မာနိုင်ငံရှိ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် “ဒီမိုကရေစီအသွင်ကူးပြောင်းမှုပြန်စရေးနှင့် လူမှုဆိုင်ရာတည်ငြိမ်မှု ပြန်လည်ရရှိရေး မြန်မာ၏ ကြိုးပမ်းအားထုတ်မှုများ” အား တရုတ်က ထောက်ခံကြောင်းဖော်ပြထားသည်။ စစ်ကောင်စီ ဒုတိယကာကွယ်ရေးဦးစီးချုပ်သည် ရုရှားနိုင်ငံသို့ စက်တင်ဘာက ၁ ရက်နေ့ မနက်ပိုင်းက ထွက်ခွာသွားကြောင်း BBC က ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်များ၏ တတိယအကြိမ်မြောက် ရုရှားခရီးစဥ်ဖြစ်သည်။
ဥရောပသမဂ္ဂက မြန်မာအပေါ် အရေးယူဒဏ်ခတ်ခြင်းများချမှတ်ထားသော်လည်း အီတလီကုန်သည် ၂၇ ဦးသည် မြန်မာနိုင်ငံမှကျွန်းသစ်များအား ဆက်လက်ဝယ်ယူနေကြောင်း လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင်စုံစမ်းစစ်ဆေးရေးအေဂျင်စီ (EIA) စုံစမ်းဖော်ထုတ်ခဲ့သည်။ ပြီးခဲ့သည့် မတ်လမှ မေလအတွင်း မြန်မာနိုင်ငံမှ သစ်ထုတ်ကုန် ယူရို ၁ ဒသမ ၄ သန်း မှ ၁ ဒသမ ၆ သန်းကြား ဝယ်ယူခဲ့ကြောင်းအဆိုပါ ရီပိုတ့်တွင်ဖော်ပြထားသည်။ ဂျာမနီနိုင်ငံအခြေစိုက် အစားအသောက်လက်ကားဖြန့်ချိရေးကုမ္ပဏီ မက်ထရို (Metro) က မြန်မာနိုင်ငံရှိ ၎င်း၏ လုပ်ငန်းလည်ပတ်မှုများအားလုံးအား လာမည့်အောက်တိုဘာအကုန်တွင် အပြီးတိုင်ရပ်ဆိုင်းမည်ဖြစ်ကြောင်း စက်တင်ဘာ ၁ က ကြေညာခဲ့သည်။
Comments
Post a Comment