၆-၇ စက်တင်ဘာ၊ ၂၀၂၁

 

အာဏာသိမ်းပြီး ရက်ပေါင်း ၂၁၉ ရက်ကြာပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတစ်ဝန်းအရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး နိုင်ငံတော်အာဏာကို သိမ်းယူထားသော စစ်တပ်အား ပြည်သူများအနေဖြင့် နည်းပေါင်းစုံဖြင့် တော်လှန်ပုန်ကန်ကြရန် စက်တင်ဘာလ ၇ ရက်နေ့က ကြေညာလိုက်သည်။ အရေးပေါ်ကာလအား အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ်ထားကြောင်း အဆိုပါကာလအတွင်း ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ်ကြေညာကြောင်း ၎င်း၏ ၇ မိနစ်ခန့် မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။ အဆိုပါစစ်ကြေညာမှုများ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် နားလည်သဘောပေါက်မည်ဟုယုံကြည်ကြောင်း PDF များအနေဖြင့် အထက်မှညွှန်ကြားချက်များအား တိတိကျကျလိုက်နာရန်ကြရန်လည်း ပြောဆိုခဲ့သည်။

အဆိုပါကြေညာမှုအပေါ် အနယ်နယ်အရပ်ရပ်ရှိ PDF အဖွဲ့ဝင်များသာမက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကလည်း ကြိုဆိုလိုက်ကြပြီး NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနကလည်း PDF များနှင့် သက်ဆိုင်ရာတပ်မှူးများအတွက် စစ်မြေပြင်တွင်ကျင့်သုံးရန် အချက် (၇) ချက်ပါ ကြေညာချက်အား ထုတ်ပြန်လိုက်သည်။ 

ကုလသမဂ္ဂအထွေထွေညီလာခံ နီးလာသောကြောင့် D-Day လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC အား တုန့်ပြန်ပြောဆိုခဲ့သည်။ NUG အနေဖြင့် နိုင်ငံမတည်ငြိမ်အောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းတို့အနေဖြင့် ပြည်သူများအား လုံခြုံရေးပေးနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။ D-Day ကြေညာပြီး ချက်ချင်းပင် စစ်ကောင်စီ၏ တိုက်လေယာဥ်များ ရဟတ်ယာဥ်များ ပျံတက်သွားကြောင်း မြို့ကြီးများတွင် လုံခြုံရေးများ အထူးတင်းကြပ်လာကြောင်း သတင်းဌာနများက ဖော်ပြကြသည်။ ပေါက်ကြားလာသော စစ်ကောင်စီ၏ လျှို့ဝှက်ညွှန်ကြားချက်တစ်စောင်အရ အထက်အမိန့်ရပါက နာရီဝက်အတွင်း တပ်များအား အရေးပေါ်အသင့်နေရာယူနိုင်ရေးပြင်ဆင်ထားကြရန် ဖော်ပြထားသည်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) နယ်မြေဖြစ်သော တနင်္သာရီတိုင်း ပုလော‌မြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့အား စစ်ကောင်စီမှ ထိုးစစ်များစတင်ဆောင်ရွက်ခဲ့သဖြင့် KNU ဒေသခံ PDF တပ်ဖွဲ့များဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း Mizziam က ဖော်ပြထားသည်။ ထို့အပြင် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် KIA တပ်မဟာ ၈၊ ၉ တို့အကြား တိုက်ပွဲများဖြစ်ပွားနေကြောင်း Kachinwaves ကဖော်ပြထားသည်။

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့မရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ည ၆ နာရီကျော်မှစတင်တိုက်ခိုက်နေကြောင်း ပြည်သူများအနေဖြင့် ဝန်းရံပေးရန် KNDF တပ်ရင်း ၁၉ က ထုတ်ပြန်ကြေညာထားသည်။ Kantarawaddy Times ၏ ဖော်ပြချက်အရ ဒီးမော့ဆိုမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး လျှပ်စစ်မီးဖြတ်တောက်သွားပီဖြစ်ကြောင်း သိရသည်။ အလားတူပင် ချင်းပြည်နယ် ဟားခါးမြို့တွင် ယနေ့ည ၈ ခန့်တွင် သေနတ်ပစ်သံများကြားရကြောင်း ဒေသခံများက လူမှုကွန်ယက်တွင် ဖော်ပြထားကြသည်။ 

စစ်ကိုင်းတိုင်းရှိ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တချိန်တည်းတွင် ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း Irrawaddy က ဖော်ပြထားသည်။ မကွေးတိုင်းအတွင်း မြို့ ၄ မြို့ ရှိ စစ်တပ်ပစ်မှတ် ၅ နေရာအား ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုး PDF က ထုတ်ပြန်ခဲ့သည်။ အရေးပေါ် အခြေအနေကြေညာပြီးနောက် ရန်ကုန်မြို့တွင် အလုအယက်စျေးဝယ်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မြန်မာ့ရွှေစျေးနှင့် ဒေါ်လာစျေးတို့သည်လည်း စံချိန်တင် အမြင့်ဆုံးစျေးသို့ ရောက်ရှိခဲ့ကြောင်း VOA ကဖော်ပြထားသည်။

စစ်ကောင်စီသည် စစ်ကိုင်းတိုင်း ကလေးဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်သန့်ဇင်ဦးနှင့် ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦးတို့အား ဖမ်းဆီးထားကြောင်း DVB က ဖော်ပြထားသည်။ သန့်ဇန်ဦးအား ကနီမြို့နယ်တွင် ပြည်သူ ၄၀ ကျော်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး အရေးယူခြင်းဖြစ်နိုင်ကြောင်းလည်းဖော်ပြထားသည်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-ကဖြင့် အမှုဖွင့်အရေးယူခံထားရပြီး ဘာသာရေးအစွန်းရောက်ဖြစ်သူအဖြစ်လူသိများသော ဦးဝီရသူအား စစ်ကောင်စီက စက်တင်ဘာ ၆ ရက်နေ့တွင် အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ 

Comments

Popular Posts