၄-၅ စက်တင်ဘာ၊ ၂၀၂၁
KNU အနေဖြင့် စစ်အာဏာရှင်ကိုဆန့်ကျင်သောအဖွဲ့အစည်းတိုင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း၏နယ်မြေတွင် လာရောက်ခိုလှုံသူများအားလုံးကို ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ပြည်သူများအနေဖြင့် လွတ်လပ်မှုနှင့်တရားမျှတမှုအတွက် တက်စွမ်းသရွေ့ ကူညီထောက်ခံကြရန် အချက် (၃) ချက်ပါ ကြေညာချက်အား စက်တင်ဘာလ (၄) ရက်နေ့က ထုတ်ပြန်ခဲ့သည်။ တစ်နေ့တည်းတွင် ညီနောင်မဟာမိတ်များဖြစ်သော AA TNLA နှင့် MNDAA တို့က ကိုဗစ်ကပ်ဘေးဆိုးရွားစွားခံစားနေရသော ပြည်သူများ၏ ဒုက္ခကြုံတွေ့နေရခြင်းများအား လျေ့ာချနိုင်ရန်အတွက် အစုအဖွဲ့များအားလုံးအား စစ်ရေးလှုပ်ရှားမှုများမပြုလုပ်ရန် တောင်းဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံအတွင်းသို့ လူသားချင်းစာနာမှုအထောက်အပံ့များအား ပထမအသုတ်ကို လုံခြုံချောမောစွာပေးပို့နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ လက်နက်ကိုင်တိုက်ခိုက်နေသူများအားလုံး (၄) လကြာ အပစ်အခတ်ရပ်စဲကြရန် Kyodo News နှင့်ပြုလုပ်သော အင်တာဗျူးတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof က တောင်းဆိုလိုက်သည်။ ၎င်းအနေဖြင့် မြန်မာပြည်သို့လာရောက်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံနိုင်ရန်အတွက် စစ်ကောင်စီနှင့် စေ့စပ်ညှိနှိုင်းနေကြောင်း Reuters ကို ပြောဆိုခဲ့သည်။
ဩဂုတ် ၁၄ ရက်က ရန်ကုန်မြို့ပတ်ရထားပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲ ၅ ဦးအား လုပ်ကြံသတ်ဖြတ်ပြီး လက်နက်များယူဆောင်သွားသော လူငယ်များအား ဖမ်းဆီးရမိပီဖြစ်ကြောင်း စက်တင်ဘာ ၅ ရက်ထုတ် စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ ၎င်းတို့အား တက္ကစီယာဉ်မောင်းမှ တဆင့် စုံစမ်း၍ ဖမ်းဆီးမိခြင်းဖြစ်ကြောင်း DVB က ဖော်ပြထားသည်။ ၎င်းတို့၏ လှုပ်ရှားမှုအကြောင်း Myanmar Now နှင့် အင်တာဗျူးပြုလုပ်ပီးနောက် အဖမ်းခံရခြင်းဖြစ်သည်ဟု ယူဆသဖြင့် လူငယ်များအနေဖြင့် မီဒီယာများနှင့် ဆက်ဆံရာတွင် သတိထားရန်လိုအပ်ကြောင်း လူမှုကွန်ယက်အသုံးပြုသူများက ရေးသားကြသည်။
ချင်းပြည်နယ် ဟားခါးမြို့ အစိုးရအဖွဲ့ရုံးအား အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က စက်တင်ဘာလ ၄ ရက်နေ့ ညက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ မင်းတပ်မြို့ အဝင် စစ်ဆေးရေးဂိတ်များတွင် မသင်္ကာသဖြင့် ဖမ်းဆီးရမိသူ ၅ ဦးအား စစ်ကောင်စီက ၃ နှစ်မှ နှစ် ၂၀ အထိ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။
ဖေဖေါ်ဝါရီလ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်ထိ ၇ လတာအတွင်း ကယားပြည်နယ် (ကရင်နီပြည်) တွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲ ၆၀ ကျော်ဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီမှ ဒေသခံ ၁၂၄ ဦးဖမ်းဆီးခဲ့ပြီး ပြည်သူ ၈၃ ဦးအား သတ်ဖြတ်ခဲ့ကြောင်း Progressive Karenni People Force က ဖော်ပြထားသည်။ ဘုရားကျောင်း ၅ ကျောင်းနှင့် နေအိမ် ၂၄၃ လုံးဖျက်ဆီးခံခဲ့ရကြောင်းလည်းသိရသည်။ စစ်အာဏာသိမ်းပြီးနောက် မသန်စွမ်း ၁၀ ဦးနီးပါးသေဆုံးခဲ့ပြီး ၃၀ နီးပါး ဖမ်းဆီးခံထားရကြောင်း မသန်စွမ်းအရေးတက်ကြွလှုပ်ရှားသူများက BBC ကို ပြောဆိုခဲ့သည်။
NUG အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ခန့်အထိရှိသော ဘတ်ဂျက်အား မကြာမှီထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း Irrawaddy က ဖော်ပြထားသည်။ အဆိုပါငွေကြေးများအား နိုင်ငံပြင်ပရှိ ငွေစာရင်းများတွင် သိမ်းဆည်းထားမည်ဖြစ်ပြီး လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းများ ကိုဗစ်နိုင်တင်းကာကွယ်ရေး နိုင်ငံအတွင်း သပိတ်မှောက်နေသည့် အလုပ်သမားများနှင့် NUG ၏ ပြည်တွင်းပြည်ပလုပ်ငန်းများအတွက် အဓိကထားသုံးစွဲသွားမည်ဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီအနေဖြင့် တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရခဲ့သော တပ်အရာရှိများအား အရပ်ဖက်ဝန်ကြီးဌာနများတွင် လွဲပြောင်းတာဝန်ထမ်းဆောင်စေမည်ဖြစ်ကြောင်း စက်တင်ဘာ ၃ ရက်က ထုတ်ပြန်သော သတင်းစာတွင်ဖော်ပြထားသည်။ ၂၀၁၇ ခုနှစ်မှ လက်ရှိအချိန်အထိ တပ်အရာရှိ ၇၃ ဦးကို ဝန်ကြီးဌာနများဆီလွှဲပြောင်းပေးခဲ့ကြောင်း BBC က ဖော်ပြထားသည်။
Comments
Post a Comment