၃၀ စက်တင်ဘာ-၁ အောက်တိုဘာ၊ ၂၀၂၁
လူသိများထင်ရှားသော ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ Mohib Ullah သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazaar ရှိ ဒုက္ခသည်စခန်းတွင် အမည်မသိသေနတ်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရကြောင်း Amnesty International ကဖော်ပြထားသည်။ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သောအဖွဲ့များလှုပ်ရှားနေပြီး ပစ်ခတ်မှုများ ဓါးစာခံဖမ်းဆီးမှုများကို ကျူးလွန်နေကြကြောင်း AI ကဖော်ပြထားသည်။ အောက်တိုဘာ ၁ ရက်မှာ ကျရောက်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ၇၂ ကြိမ်မြောက် အမျိုးသားနေ့အတွက် NUG က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတိုးမြှင့်ရန်အတွက် NUG အစိုးရက အဆင်သင့်ရှိနေကြောင်းဖော်ပြထားသည်။
NUG တာဝန်ရှိသူများအား ကိုယ်တိုင်ထွက်လာရန် စက်တင်ဘာလ ၃၀ ရက်နေ့ကပြုလုပ်သော စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စိန်ခေါ်စကားပြောဆိုပြီးနောက် နာရီပိုင်းအကြာတွင် စစ်တပ်ရုံးစိုက်ရာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ကြည်းတပ်အတွက်ကာကွယ်ရေးလက်နက်များဝယ်ယူပေးသော ကက(ဝယ်) ညွှန်ကြားရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှုသည် ၎င်းတို့နှင့် အမည်မဖော်လိုသောအဖွဲ့တစ်ဖွဲ့တို့၏ လက်ချက်ဖြစ်ကြောင်း နေပြည်တော် PDF က ထုတ်ပြန်ခဲ့သည်။ ပေါက်ကြားလာသော စစ်တပ်၏ ရုံးတွင်းစာတစ်စောင်အရ ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးသူမရှိကြောင်း ဖော်ပြထားသည်။ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း နေပြည်တော် ပျဉ်းမနားမြို့တွင် ရိက္ခာဝယ်ရန်လာသော စစ်ကောင်စီကားတစ်စီးအား နေပြည်တော် PDF က ဗုံးခွဲတိုက်ခိုက်ခဲ့သည်။
အာဏာသိမ်းပြီး ၈ လ ပြည့်မြောက်ခဲ့သည့် ယနေ့တွင် စစ်ကောင်စီ၏ အဆင့်မြင့်အရာရှိအချို့နှင့် နေရာတချို့တို့ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရသည်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း အာရှလမ်းမတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးခရီးစဉ်အတွက် သွားလာနေသော လုံခြုံရေးစစ်ယာဉ်တန်းကို ခွဲထွက်ဒီကေဘီအေတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး စစ်ဦးစီးပထမတန်း (G1) အဆင့်အရာရှိ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း Klo FM က ဖော်ပြထားသည်။ ထို့အပြင် စစ်ကိုင်းတိုင်း ကျွန်းလှမြို့လယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးတစ်ဦးနှင့် အုပ်ချုပ်ရေးမှူး နှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြထားသည်။
ထို့အပြင် စစ်တင်ဘာလ ၃၀ ရက်ညနေက စစ်တပ်ရုံးစိုက်ရာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ကြည်းတပ်အတွက်ကာကွယ်ရေးလက်နက်များဝယ်ယူပေးသော ကက(ဝယ်) ညွှန်ကြားရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းတို့နှင့် အမည်မဖော်လိုသောအဖွဲ့တစ်ဖွဲ့တို့၏ လက်ချက်ဖြစ်ကြောင်း နေပြည်တော် PDF က ယနေ့ထုတ်ပြန်ခဲ့သည်။ ပေါက်ကြားလာသော စစ်တပ်၏ ရုံးတွင်းစာတစ်စောင်အရ ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးသူမရှိကြောင်း ဖော်ပြထားသည်။ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း နေပြည်တော် ပျဉ်းမနားမြို့တွင် ရိက္ခာဝယ်ရန်လာသော စစ်ကောင်စီကားတစ်စီးအား နေပြည်တော် PDF က ဗုံးခွဲတိုက်ခိုက်ခဲ့သည်။
အာဏာသိမ်းပြီးကတည်းက တိုက်ပွဲများဖြစ်ပွားလေ့မရှိသော ဧရာဝတီတိုင်းတွင် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်လာတော့မည့် အရိပ်အယောင်များကို မြင်တွေ့နေရသည်။ ဧရာဝတီတိုင်းအတွင်းဖွဲ့စည်းထားသော မြစ်ဝကျွန်းပေါ် ပြောက်ကြားစစ်ဆင်ရေးတပ်ပေါင်းစုက ရေကြည်မြို့နယ်အတွင်းရှိ ဒလန် ၄၈ ဦး အမည်စာရင်းကို ထုတ်ပြန်ကြေငြာထားပြီး အဆိုပါစာရင်းတွင်ပါဝင်သူများအား စစ်ကောင်စီက လက်နက်များတပ်ဆင်ပေးနေသည့် သတင်းများထွက်နေကြောင်း Network Media Group က ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧရာဝတီတိုင်းအတွင်း ဖမ်းဆီးမှုများကိုလည်း ယခုရက်ပိုင်းအတွင်း တရစပ်ပြုလုပ်နေကြောင်း Myanmar Now က ဖော်ပြထားသည်။
People's Defense Force (Kani) ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ဧပြီမှ ဇူလိုင်လအတွင်း စစ်ကောင်စီနှင့် ကနီ PDF အကြား တိုက်ပွဲပေါင်း ၃၅ ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး ၎င်းတို့၏အဖွဲ့ဝင် ၃၅ဦး ကျဆုံးခဲ့ကြောင်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များအတွက် ခေတ်မှီလက်နက်ကရိယာတွေ အလျင်အမြန်လိုအပ်နေကြောင်း ဖော်ပြထားသည်။ ကယားပြည်နယ်အတွင်း စစ်ကောင်စီအတွက် သတင်းပေးပြုလုပ်ပေးနေသူဟု သံသယရှိသူ ၁၀ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ၅ ဦးအား သက်သေခိုင်လုံသဖြင့် ဆက်လက် ဖမ်းဆီးထားပြီး အရေးယူရန်ပြင်ဆင်နေကြောင်း ကရင်နီပြည်ရဲဌာနက စက်တင်ဘာလ ၃၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ CDM ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်ဖြင့် ကရင်နီပြည်နယ်ရဲဌာနအား သြဂုတ် ၁၅ ရက်နေ့တွင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့သည်။
စက်တင်ဘာလ ၃၀ ရက်နေ့က စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ထန်တလန်မြို့၏ မြို့မိမြို့ဖ ဦးရာလ်သူးနှင့် ဦးဟရာမ်ကျုံးတို့ သေဆုံးခဲ့ကြောင်း The Chin Journal က ဖော်ပြထားသည်။ ၎င်းတို့သည် စစ်ဘေးရှောင်နေရသော ထန်ထလန်ဒေသခံများအရေးကိစ္စအတွက် ဟားခါးမြို့သို့သွားရောက်ခဲ့ပြီးနောက် အစည်းအဝေးမှအပြန် ထန်ထလန်မြို့အနီးတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။ စက်တင်ဘာလ ၃၀ ရက်နေ့က ထန်တလန်မြို့နယ် ၀မ်သူးကျေးရွာရှိ တပ်စခန်းမှ တပ်သား ၈ ဦးသည် ၎င်းတို့၏ တပ်စခန်းအား စွန့်ခွာသွားကြကြောင်း The Chin Journal က ဖော်ပြထားသည်။ ထို့အပြင် ဖလမ်းမြို့နယ်ရှိ CNDF ထံသို့ တပ်သားနှစ်ဦးနှင့် ရဲတစ်ဦး လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်ခဲ့ကြောင်း CNDF က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
Comments
Post a Comment