၁၀-၁၂ အောက်တိုဘာ၊ ၂၀၂၁

 

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof သည် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၁၃ လာရောက်မည်ဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြကြသည်။ ၎င်းသည် ယနေ့လာရောက်ရန်ပြင်ဆင်ထားသော်လည်း စစ်ကောင်စီထောက်ခံသောနိုင်ငံရေးပါတီများ ၈ ပါတီနှင့်သာ နေပြည်တော်တွင်တွေ့ဆုံခွင့်ရမည် ဖြစ်သောကြောင့် ၎င်း၏ မူလခရီးစဥ်ကိုဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သတင်းများထွက်လာခဲ့သေးသည်။ ဒေါ်အောင်ဆန်းစုကြည် NLD ပါတီတာဝန်ရှိသူများနှင့် တွေဆုံခွင့်ရရန် ၎င်းကတောင်းဆိုထားသော်လည်း စစ်ကောင်စီက ၎င်း၏တောင်းဆိုမှုအား ငြင်းဆန်ပယ်ချထားကြောင်းသိရသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁ ရက်နေ့မနက်က ၎င်းအား ကျန်းမာရေးအကြောင်းပြ၍ ရာထူးမှနုတ်ထွက်ပေးရန် အဓမ္မစေခိုင်းခဲ့ကြောင်းသော်လည်း ၎င်းအနေဖြင့် နုတ်ထွက်ရန်ငြင်းဆန်ခဲ့ပြီး အသေခံမည်ဟု တုံ့ပြန်ခဲ့ကြောင်း ယနေ့တရားခွင်တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကထွက်ဆိုခဲ့ကြောင်း ၎င်း၏ ရှေ့နေက DVB ကိုပြောဆိုခဲ့သည်။ ချင်းပြည်နယ် ဟားခါးအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၏ ကိုယ်ရေးအရာရှိနှင့် ကားသမားတို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း Chin Human Rights Organization က အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဖော်ပြထားသည်။ ၎င်းတို့နှစ်ဦး၏ ထွက်ဆိုချက်အရ စစ်ကောင်စီတပ်အတွင်း အရာရှိများအပါအဝင် စိတ်ဓါတ်ကျဆင်းနေကြောင်းနှင့် တပ်အတွင်းအမိန့်မနာခံမှုများရှိနေသဖြင့် အဆိုပါသတင်းများ အပြင်မထွက်စေရန် တင်းတင်းကျပ်ကျပ်ဖုံးကွယ်ထားကြောင်း သိရသည်။ 

စစ်ကောင်စီမှ ဧရာဝတီတိုင်းအတွင်း ဖမ်းဆီးရမိသော PDF များ၏ လက်နက်များသည် KNU တပ်မဟာ ၆ နယ်မြေဘက်ကသယ်လာခြင်းဖြစ်ကြောင်း အဆိုပါလက်နက်များအနက် တူရဂီနိုင်ငံထုတ် MK 12 မောင်းပြန်သေနတ်များလည်းပါဝင်နေသဖြင့် မြန်မာပြည်အရေးတွင် Organization of the Islamic Cooperation က ပါဝင်စွပ်ဖက်နေသည်ဟု ယူဆကြောင်း စစ်အုပ်စုပြောရေးဆိုခွင့်ရှိသူက VOM ကိုပြောဆိုခဲ့သည်။ 

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်၏ သပိတ်ခေါင်းဆောင် ၂ ဦးဖြစ်သော ရဲထွန်းတောက်နှင့် ခင်မောင်ဇော်တို့အပါအဝင် ၄ ဦးအား အောက်တိုဘာ ၆ ရက်တွင် စစ်ကောင်စီ၏ အင်းစိန်ထောင် စစ်ခုံရုံးက ထောင်တစ်သက်တစ်ကျွန်း လွတ်ရက်မရှိအဖြစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ၎င်းတို့၏မိသားစုနှင့် နီးစပ်သူများက Burma VJ ကိုပြောဆိုသည်။ စစ်ကောင်စီသည် ရန်ကုန်မြို့အတွင်းရှိ မြို့နယ် (၃၁) မြို့နယ်အား ည၁၀နာရီမှ မနက်၄နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ပြီး အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် လူ၅ဦးနှင့်အထက်ပို၍ စုဝေးခြင်းမပြုရန် တားမြစ်လိုက်ကြောင်း သိရသည်။ 

မကွေးတိုင်း ထီးလင်းမြို့အနီးတွင် ပျူစောထီးတပ်ဖွဲ့ဝင်များအား ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ချုံခိုတိုက်ခိုက်ခဲ့ပြီး ၎င်းတို့၏ တူမီးသေနတ် ၂၀ လက်အား သိမ်းဆည်းလိုက်ကြောင်း YDF-ထီးလင်းက ထုတ်ပြန်ခဲ့သည်။ စစ်အုပ်စု၏ သံချပ်ကာကားများပါဝင်သော စစ်ယာဥ်တန်းအများအပြားသည် ချင်းပြည်နယ် ဖလမ်းမြို့သို့ရောက်ရှိလာပြီဖြစ်ကြောင်း ဒေသခံအချို့က ၎င်းတို့၏ လူမှုကွန်ယက်များတွင် ရေးသားထားကြသည်။ ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော စစ်ကိုင်းတိုင်း ကလေးမြို့တွင်လည်း အောက်တိုဘာလ ၁၁ ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား တပ်ပိုင်လေယာဥ်များဖြင့် နေရာပြောင်းရွေ့မှုများပြုလုပ်နေသဖြင့် ဒေသခံများအကြား တိုက်ပွဲများပြင်းထန်လာမည်ကို စိုးရိမ်ပူပန်နေကြသည်။

NUG ၏ ကိုယ်စားလှယ်ရုံးခန်းများဖွင့်ခွင့်ပေးသော နိုင်ငံများနှင့် NUG/CRPH ကိုယ်စားလှယ်များအား တွေ့ဆုံနေသော အစိုးရများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာန အပြင်းအထန်ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ၎င်းတို့သည် အကြမ်းဖက်လုပ်ငန်းများအား အားပေးနေခြင်းဖြစ်ကြောင်း စွပ်စွဲလိုက်သည်။ လက်ရှိအချိန်အထိ NUG ရုံးခန်းများအား အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ပြင်သစ်၊ ချက်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ဖွင့်လှစ်ထားသည်။

Comments

Popular Posts