၁၃-၁၅ အောက်တိုဘာ၊ ၂၀၂၁
ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး ၆၅ ဦး နုတ်ထွက်သွားပြီး စစ်ကောင်စီ၏ အခြေခံ အုပ်ချုပ်ရေးယန္တရား ရာနှုန်းပြည့် ရပ်ဆိုင်းသွားပြီးနောက် PDF-Khayan က ခရမ်းမြို့နယ်ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း Khayan Channel က ဖော်ပြထားသည်။ People’s Soldiers ၏ထုတ်ပြန်ချက်အရ အောက်တိုဘာလတစ်လအတွင်း CDM စစ်သား ၁၁ ဦးအား လုံခြုံရာအရပ်သို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အောက်တိုဘာလ ၁၄ ရက်နေ့က မကွေးတိုင်း ထီးလင်းမြို့နယ်တွင် စစ်ကောင်စီကလက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့ဝင် ၃၀ ခန့်သည် ၎င်းတို့၏ တူမီးသေနတ်များနှင့်အတူ YDF-ထီးလင်း ထံသို့ အညံ့ခံ အလင်းဝင်ခဲ့ကြောင်း YDF တာဝန်ရှိသူတစ်ဦးက Khit Thit ကို ပြောဆိုသည်။
အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ရာမှာ NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ချင်းအမျိုးသားတပ်ဦး CNF နှစ်ဖွဲ့မှလွဲ၍ အခြားသောအဖွဲ့များသည် လူကိုယ်တိုင်သော်လည်းကောင်း online မှလည်းကောင်းတက်ခဲ့ကြသည်။ KNU က စစ်အာဏာသိမ်းမှုသည် NCA စာချုပ်အားချိုးဖောက်မှုဖြစ်ကြောင်း စစ်တပ်သည်နိုင်ငံရေးမှ ထွက်ခွာရန်လိုအပ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းခေါင်းဆောင်ကမူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် လက်ရှိအစိုးရသည် ရွေးကောက်ခံအစိုးရမဟုတ်သဖြင့် တွေ့ဆုံဆွေးနွေးစရာမလိုဘူးဆိုသော အယူအဆသည် လက်တွေ့မကျကြောင်း ပြောဆိုခဲ့သည်။
ချင်းပြည်နယ် ဟားခါးမြို့သို့ လာနေသော စစ်ကောင်စီယာဥ်တန်းအား ဟားခါး-ဖလမ်းလမ်းတွင် ချင်းအမျိုးသားတပ်ဦး (CNA/CNF) နှင့် CDF ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူက Khonumthung သို့ပြောဆိုခဲ့သည်။ ဖလမ်းမြို့နယ်ရှိ Rialti ရွာက ဘုရားကျောင်းအပါအဝင် လူနေအိမ်အများအပြားအား စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း Tuphei ရွာတွင် ပြည်သူနှစ်ဦးအား အောက်တိုဘာလ ၁၃ ရက်နေ့က ပစ်သတ်ခဲ့ကြောင်း Zalen က ဖော်ပြထားသည်။ အောက်တိုဘာလ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ဒေသခံ PDF များနှင့် စစ်ကောင်စီတပ်များအကြားတိုက်ပွဲများပြင်းထန်နေပြီး PDF များ၏ မိုင်းခွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ အကျအဆုံး အများအပြားရှိနေကြောင်း BBC က ဖော်ပြထားသည်။
အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁ဝ ဦးထက်မနည်းအား စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ လျှပ်စစ်မီတာအခွန်မဆောင်သော နေအိမ်များကို လျှပ်စစ်ဝန်ထမ်းများက လျှပ်စစ်မီးများ လိုက်လံဖြတ်တောက်နေကြောင်းသိရသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအချို့မှ အစိုးရမဟုတ်သောလက်နက်ကိုင်တပ်ဖွဲ့များသည် စစ်ကောင်စီတပ်များနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား နယ်မြေကျော်တိုက်ခိုက်နေကြောင်း NUG က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်းရှိ PDF များအား အိန္ဒိယနိုင်ငံအခြေစိုက် ကသည်းသူပုန်များက တိုက်ခိုက်မှုများပြုလုပ်နေကြောင်း ဒေသခံ PDF များက လူမှုကွန်ယက်မီဒီယာများတွင် ရေးသားထားကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် တရားစွဲခံထားရသူဖြစ်သောကြောင့် အာဆီယံအထူးသံတမန် မြန်မာနိုင်ငံသို့လာရောက်ပါက တွေ့ဆုံခွင့်ပြုမည်မဟုတ်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က စစ်ကောင်စီကို အသိအမှတ်ပြုလိုခြင်းမရှိသည့်အတွက် အာဆီယံနိုင်ငံများ၏ ဝန်ကြီးများနှင့်တွေ့ဆုံမည့် အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြထားသည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် လောင်းလုံး သရက်ချောင်းမြို့နယ်များရှိ အမေရိကန်နိုင်ငံသားအားလုံးထွက်ခွာကြရန် အမေရိကန်သံရုံးက အောက်တိုဘာလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါဒေသတွင် စစ်ကောင်စီတပ်များသည် ကြီးမားသော စစ်ရေးပြင်ဆင်မှုများပြုလုပ်နေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
Comments
Post a Comment