၂၂-၂၅ အောက်တိုဘာ၊ ၂၀၂၁
အာစီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် တစ်ရက်တွင် ပြင်ဦးလွင် မတ္တရာ နေပြည်တော် မြစ်ကြီးနား ပူတာအိုစသည့် မြို့ ၅ ခု ၆ ခုခန့်တွင် စစ်ကောင်စီကို ထောက်ခံကြောင်း လှည့်လည်ဆန္ဒပြမှုအချို့ ပေါ်ပေါက်လာခဲ့သည်။ မန္တလေးတိုင်း မိတ္ထီလာမြို့တွင် ကျင်းပခဲ့သော တပ်ထောက်ခံပွဲအပြီးတွင် ကင်းလှည့်နေသောစစ်ကားတစ်စီးအား အမည်မသိအဖွဲ့တစ်ခုက ဗုံးခွဲတိုက်ခိုက်ခံရသဖြင့် ရဲနှစ်ဦးသေဆုံးပြီး စစ်သား ၃ ဦး ဒဏ်ရာရခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။
၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုခေါင်းဆောင်တစ်ဦးဖြစ်သော ဦးဂျင်မီသည် အောက်တိုဘာ ၂၃ ရက် ညပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ဖမ်းဆီးခံရကြောင်း ၎င်း၏ ဇနီးဖြစ်သူ ဒေါ်နီလာသိန်းက သူမ၏ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။ ဖမ်းဆီးခံရစဥ် ဦးခေါင်းတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သောကြောင့် မင်္ဂလာဒုံစစ်ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်၌ အရေးပေါ်ကုသမှုခံယူနေရဆဲဖြစ်ကာ အခြေအနေစိုးရိမ်ရကြောင်း တပ်မတော်သတင်းရင်းမြစ်တစ်ခုက အောက်တိုဘာလ ၂၅ ရက်နေ့တွင် Myanmar Now ကို ပြောဆိုခဲ့သည်။
နေပြည်တော်မှ ပထမဆုံး CDM ပြုလုပ်သူ ရဲအုပ်ခွန်အောင်ကိုကို၏ ဇနီးနှင့် ၉ နှစ်အရွယ်သမီးငယ်တို့အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ အောက်တိုဘာလ ၂၃ ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်ထို ဘီးလင်းနှင့် သထုံမြို့နယ်များရှိ NLD ပါတီ (မြို့နယ်ရုံး) များ တစ်ပြိုင်နက်တည်း ဗုံးဖောက်ခွဲ ဖျက်ဆီးခံခဲ့ရကြောင်း Burma Associated Press က ဖော်ပြထားသည်။
ရှမ်း-ကယားနယ်စပ် မိုးဗြဲတွင် စစ်ကောင်စီတပ်များနှင့်နှင့် ကရင်နီတော်လှန်ရေးစုပေါင်းတပ်ဖွဲ့များအကြားတိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်သားများက စစ်တပ်နှင့်အပစ်ရပ်ထားသော ကယန်းပြည်သစ်အဖွဲ့၏ ဝတ်စုံများအား ဝတ်ဆင်ကာ ထိုးစစ်များဆင်နွဲနေကြောင်း PDF များနှင့်နီးစပ်သူများက လူမှုကွန်ယက်မီဒီယာများတွင် ရေးသားထားကြသည်။ အောက်တိုဘာလ ၂၄ ရက်နေ့က ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် သတင်းရဲတပ်ဖွဲ့ (SB) မှ ဒုရဲမှူးတစ်ဦးသည် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း News Ambassador က ဖော်ပြထားသည်။
စစ်အာဏာရှင်ကို ဆန့်ကျင်ရန်ဆုံးဖြတ်ထားသည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲပြီး အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းသွားမည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး အင်ဘန်လက အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျရောက်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း (၆၁) နှစ်ပြည့် အထိမ်းအမှတ်နေ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း 74 Media က ဖော်ပြထားသည်။ ပြည်သူအားလုံး၏အကျိုးအတွက် ကျွန်တော်တို့ စကားပြောရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အိမ်စောင့်အစိုးရသည် စေ့စပ်ညှိနှိုင်းမှု ဖြစ်လာရေးအတွက် တာဝန်အရှိဆုံးဖြစ်ကြောင်း စစ်တပ်ထောက်ခံသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က AFP သတင်းဌာန ကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြောဆိုခဲ့သည်။
အာဆီယံထိပ်သီးအစည်းအဝေးပွဲသို့ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကိုဖိတ်ကြားထားကြောင်း သတင်းများထွက်ပေါ်လာသော်လည်း စစ်ကောင်စီအနေဖြင့် ၎င်းအား စေလွှတ်မည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ Euro Burma Office ၏ ဒါရိုက်တာ Sao Harn Yawnghwe အား NCA လက်မှတ်ရေးထိုးထားသော PPST အဖွဲ့၏ နိုင်ငံတကာကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားကြောင့် PPST ၏ ပြောရေးဆိုခွင့်ရှိသူက CNI ကို ပြောဆိုခဲ့သည်။
Comments
Post a Comment