၂၆-၂၉ အောက်တိုဘာ၊ ၂၀၂၁
အောက်တိုဘာလ ၂၉ ရက်နေ့က ထန်တလန်နေအိမ်များကို ဖောက်ထွင်းခိုးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား CDF-ထန်တလန်တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများသည် ထန်တလန်မြို့အတွင်းရှိ နေအိမ်များနှင့် ဆိုင်ခန်းများအား မီးရှို့လိုက်ကြောင်း Chinland Post က ဖော်ပြထားသည်။ ဒေသခံများသည် ယခင်လက တိုက်ပွဲများကြောင့် မြို့အားစွန့်ခွာသွားပြီးဖြစ်သဖြင့် မီးငြိမ်းသတ်မည့်သူများမရှိကြောင့် နေအိမ် ၁၀၀ ကျော်လောင်ကျွမ်းပျက်စီးသွားပြီဖြစ်ကြောင်း သိရသည်။
NLD ပါတီ၏ အသက် ၈၀ အရွယ်ရှိသော သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညိုပျက်အောင်ပြုလုပ်မှု ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄-က ဖြင့် နေပြည်တော်ရှိ အထူးခုံရုံးက ထောင် အနှစ် ၂၀ ချမှတ်ခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ မန္တလေးမြို့တွင် ဖမ်းဆီးခံခဲ့ရသော LGBT စာရေး ဆရာမ မစောဟန်နွေဦးက သူမအား စစ်သားများက စစ်ကြောရေးတွင် မျက်နှာကို အဝတ်စဖြင့်စည်းပြီး ဓားဖြင့်မွှန်းခြင်း ရေနွေးပူလောင်းခြင်း ဝါယာကြိုးဖြင့် ရိုက်နှက်ခြင်း လိင်ပိုင်းဆိုင်ရာစော်ကားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း Khit Thit Media သို့ ထုတ်ဖော်ပြောဆိုခဲ့သည်။
အောက်တိုဘာလ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် ကောလင်း PDF များက စစ်ကောင်စီတပ်များအား အလစ်ငြိုက်တိုက်ခိုက်ခဲ့သဖြင့် တပ်သား ၂၅ ဦးခန့်သေဆုံးသွားပြီး ကောလင်း PDF ဘက်မှ ၃ ဦး ကျဆုံးကြောင်း Kawlin Revolution-KR က ၎င်းတို့၏လူမှုကွန်ရက်တွင် ဖော်ပြထားသည်။ အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း အဆိုပါဒေသအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀ မှ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးခဲ့ကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်းတွင် အလောင်းမင်းတရား အထူးစစ်ဆင်ရေးစတင်လိုက်ပြီး တပ်သားများအား စစ်သုံးရဟတ်ယာဥ် ၆ စီးအသုံးပြု၍ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ပို့ဆောင်နေကြောင်း စစ်တပ်နှင့်နီးစပ်သည့် ဆိုရှယ်မီဒီယာစာမျက်နှာများတွင် ဖော်ပြထားသည်။ စစ်ကောင်စီယာဥ်တန်းများသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ဒေသခံ PDF များ၏ အမြဲမပြတ်တိုက်ခိုက်မှုများခံရသဖြင့် လေကြောင်းမှ တပ်ပြောင်းရွေ့ခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ အောက်တိုဘာလ ၂၆ ရက်နေ့က စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ရှိ ကျေးရွာများအား အင်အား ၁၅၀ကျော်ဖြင့် စစ်ကောင်စီက ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့သဖြင့် ဒေသခံအများအပြား ညအချိန်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၈ ရက်နေ့က မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်နှင့် ATM နေရာ အနည်းဆုံး ၈ ခုတွင် ဗုံးပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွါးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ ထို့အပြင် ဘဏ်ဓားပြတိုက်မှုများလည်း မြို့ကြီးများတွင် ခပ်စိတ်စိတ်ဖြစ်လာသည်ကို တွေ့ရသည်။ ပေါက်ကြားလာသော စစ်ကောင်စီ၏ ညွှန်ကြားစာအရ အာဏာသိမ်းခေါင်းဆောင်က သေဆုံးသွားသည့် ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများကို ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များ ချီးမြှင့်ရန် မြို့ကြီးများတွင် ပြည်ထဲရေးနှင့်စစ်တပ် တို့ပူးပေါင်း၍ လုံ ခြုံရေးတင်းကျပ်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
ASEAN Summit မစတင် အောက်တိုဘာလ ၂၅ ရက်နေ့က အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နှင့် NUG) တို့ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်နှင့် NUG က သတင်းထုတ်ပြန်သည်။ အဆိုပါဆွေးနွေးပွဲတွင် မစ္စတာ Sullivan က မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောပြီး အာဏာသိမ်းမှုအတွက် စစ်တပ်အနေဖြင့် တာဝန်ခံနိုင်စေရေး အမေရိကန်က ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဟု မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။ ASEAN Summit သို့ တက်ရောက်ကြသော အာစီယံနိုင်ငံ၏ ခေါင်းဆောင်များသည် မြန်မာစစ်တပ်၏ လုပ်ရပ်အပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်သောမှတ်ချက်များ ပေးခဲ့ကြခြင်းကြောင့် လူမှုကွန်ယက်အသုံးပြုသူအများအပြားက ထောက်ခံပြောဆိုနေကြသည်။


Comments
Post a Comment