၂-၄ အောက်တိုဘာ၊ ၂၀၂၁
စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဧရိယာအတွင်းရှိ စစ်ကိုင်းတိုင်း မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ကို ယခုလ ဒုတိယပတ်အတွင်းမှာ အကြီးအကျယ် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း မျက်မှောက်ခတ် Nowadays News က ဖော်ပြထားသည်။ အဆိုပါ စစ်ဆင်ရေးအတွက် သံချပ်ကာတပ်များအပါအဝင် တပ်အင်အား ၂ ထောင်ဝန်းကျင်အား ရွေ့ပြောင်းမှုများပြုလုပ်နေကြောင်း စစ်ဆင်ရေးအား နာမည်ဆိုးဖြင့်ကျော်ကြားသူ ရဲချုပ် ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်က ကွပ်ကဲမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။
အာဏာသိမ်းပြီးနောက် မြန်မာပြည်အနှံ့တွင် ဒလန် (စစ်တပ်သတင်းပေး) အဖြစ် စွပ်စွဲခံရပြီး အသတ်ခံရသူ ၄၀၆ ဦးရှိပြီး ဒဏ်ရာရရှိသူ ၂၈၅ ဦးရှိကြောင်း မြို့နယ် ၃၇၂ မြို့နယ်တွင် ဗုံးဖြင့်တိုက်ခိုက်မှုပေါင်း ၂,၄၆၀ ကြိမ်ရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ KNU ၏ သတင်းထုတ်ပြန်ချက်အရ စက်တင်ဘာလ ၃၀ ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက် ၂၄ ဦးသေဆုံးခဲ့ပြီး တပ်ရင်းမှူး ၂ ဦးအပါအဝင် ၃၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီက ဖွင့်လှစ်ရန် စီစဉ်ထားတဲ့ အခြေခံစစ်ပညာသင်တန်းနှင့် စုံစမ်းထောက်လှမ်းခြင်းသင်တန်းများအား တက်ရောက်မယ့်သူ နည်းပါးနေသောကြောင့် တက်ရောက်မည့်သူများအား အခကြေးငွေ (၁၈၀,၀၀၀ ခန့်) ပေး၍ စည်းရုံးသိမ်းသွင်းနေသည်ဟု စစ်တပ်နှင့်နီးစပ်သူတစ်ဦးက Than Lwin Times ကိုပြောဆိုသည်။
NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဧပြီလ ၁၆ ရက်မှ စက်တင်ဘာ ၂၀ ရက်အတွင်း အကူအညီလိုအပ်နေသောပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီအဖြစ် စုစုပေါင်း ငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံထောက်ပံ့ပေးထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာညှိနှိုင်းရေးမှုးရုံး (UNOCHA) က ထုတ်ပြန်သည့်အချက်အလက်များအရ အာဏာသိမ်းပြီးနောက် စစ်ဘေးရှောင်အရေအတွက်မှာ စစ်ကိုင်းတိုင်းတွင် ၆၃၀၀၀ ဦး မကွေးတိုင်းတွင် ၁၂၀၀၀ ကျော် ချင်းပြည်နယ်တွင် ၁၂၀၀၀ ခန့်နှင့် ရှမ်း/ကယားနယ်စပ်တဝိုက်တွင် ၁၄၂၀၀၀ ခန့်ရှိနေကြောင်း သိရသည်။
ချင်းပြည်နယ် ထန်တလန်မြို့ အဝင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ပြည်သူနှစ်ဦးထံမှ ငွေကျပ် ၁၀ သိန်းအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက လှယူခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းက သတင်းထုတ်ပြန်ခဲ့သည်။ ရှမ်းပြည်နယ်မှ ကယားပြည်နယ်လွိုင်ကော်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များသည် ကရင်နီအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များ၏ ခြုံခိုခုခံတိုက်ခိုက်မှုကိုကြုံတွေ့ခဲ့ပြီး ထိခိုက်ကျဆုံးမှုများသောကြောင့် တပ်ပြန်ဆုတ်ခဲ့ကြောင်း KNDF တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကိုပြောဆိုသည်။
အောက်တိုဘာလ ၄ ရက်နေ့က စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် အစီး ၈၀ ခန့်ပါသော စစ်ယာဥ်တန်းအား ပုလဲ PDF က မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် ကား ၅ စီး ပျက်စီးသွားကာ အသေအပျောက်ရှိကြောင်း ပုလဲ PDF က ဖော်ပြထားသည်။ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ Denko ကုမ္ပဏီနှင့် Golden Delta ကုမ္ပဏီရုံးတို့အား အောက်တိုဘာ ၃ ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Free Tiger Ranger အဖွဲ့ကထုတ်ပြန်ထားသည်။ ၎င်းတို့အနေဖြင့် စစ်ခေါင်းဆောင်များနှင့်ပတ်သက်ဆက်နွယ်နေသော လုပ်ငန်းများအားထပ်မံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အောက်တိုဘာလ ၁ ရက်နေ့ ချက်သမ္မတနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်ရုံး ရုံးအဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်း NUG က ကြေညာခဲ့သည်။ Australia နိုင်ငံတွင်လည်း NUG ကိုယ်စားလှယ်ရုံး ဖွဲ့စည်းထားသည်။ စစ်ကောင်စီသည် မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးနိုင်ရန်မသေချာကြောင်း the Straight Times ကဖော်ပြထားသည်။ တရုတ်နိုင်ငံမှ Sinopharm ကိုဗစ်ကာကွယ်ဆေး ၄ သန်း အောက်တိုဘာလ ၂ ရက်နေ့က ရန်ကုန်သို့ ထပ်မံရောက်ရှိကြောင်း popular news ကဖော်ပြထားသည်။ မြန်မာနိုင်ငံသည် တရုတ်ထံမှ လက်ခံရရှိသော ကာကွယ်ဆေးအလုံးရေ ၂၀.၆ သန်းရှိပီဖြစ်ပြီး ၃.၉ သန်းမှာ တရုတ်ထံမှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ၁၆.၇ သန်းမှာ ဝယ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
တိုကျိုမြန်မာသံရုံးရှိ CDM ပြုလုပ်ထားသော မြန်မာသံအရာရှိ ၂ ဦးနေရာတွင် စစ်ကောင်စီက ဝန်ထမ်း ၂ ဦးအစားထိုးလိုက်ခြင်းကို ဂျပန်နိုင်ငံက ခွင့်ပြုလိုက်သဖြင့် ဂျပန်ရောက်မြန်မာနိုင်ငံသားများက တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း DVB က ဖော်ပြထားသည်။ အာစီယံ သဘောတူညီချက် (၅) ချက်အား လက်ရှိအချိန်အထိအကောင်အထည်မဖော်သေးသော စစ်ကောင်စီကို အရေးယူသည့်အနေဖြင့် အာစီယံအဖွဲ့၏ အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းထားရန် အဖွဲ့ဝင်နိုင်ငံများအတွင်း စာတစ်စောင်ပြန့်နှံ့နေကြောင်း Mizzima က ဖော်ပြထားသည်။
Comments
Post a Comment