၇-၉ အောက်တိုဘာ၊ ၂၀၂၁
စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ နယ်မြေများသို့ စစ်ကောင်စီအနေဖြင့် ခန့်မှန်းချေအင်အား ၃၀၀၀ ခန့်ရှိသော တပ်ကူများအလုံးအရင်းဖြင့် ဖြည့်တင်းနေကြောင်း Irrawaddy က ဖော်ပြထားသည်။ ထို့အပြင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသော ထိပ်သီးတပ်မှူးနှစ်ဦးကိုလည်း မုံရွာမြို့ရှိ နမခဌာနချုပ်သို့ပို့ထားကြောင်းသိရသည်။ ထိုကဲ့သို့ စစ်အင်အား တိုးချဲ့ချထားခြင်းနှင့် လက်နက်ကြီးများ တပ်ဖြန့်ချထားခြင်းများရှိနေသည့်အပေါ် အလွန်ပဲ စိုးရိမ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရအမျိုးသမီး Ravina Shamdasani က ကုလသမဂ္ဂသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အောက်တိုဘာလ ၈ ရက်နေ့က NLD ရန်ကုန်မြို့ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနှင့် ဇနီး ဒေါ်ခင်မိမိကြွယ်တို့ ၂ ဦးကို စစ်ကောင်စီက နေပြည်တော် ခေါ်ဆောင်သွားပြီးနောက် ဒေါ်ခင်မိမိကြွယ်အား ဖြိုးမင်းသိန်းပြောဆိုသည့်အတိုင်း ပြောဆိုရန် ခြိမ်းခြောက်ထားကြောင်း စစ်ကောင်စီအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက RFA ကိုပြောဆိုခဲ့သည်။ စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အား ခြစားမှုဖြင့်တရားစွဲထားပြီး ဦးဖြိုးမင်းသိန်းသည် တရားလိုပြအဓိကသက်သေဖြစ်သည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) ဖြင့်တရားစွဲဆိုခံထားရသော ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို အောက်တိုဘာလ ၈ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ် ချမှတ်လိုက်ကြောင်း Development Media Group က ဖော်ပြထားသည်။ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲခံထားရသော စီးပွားရေးအကြံပေး သြစတေးလျနိုင်ငံသား Sean Turnell အတွက် တရားရုံးအတွင်း စကားပြန်တစ်ဦးထားခွင့်ပြုရန်လျှောက်ထားမှုကို တရားသူကြီးက ပယ်ချလိုက်ကြောင်း Burma Associated Press က ဖော်ပြထားသည်။
အောက်တိုဘာလ ၅ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နှင့် လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ GSCN တို့သည် National Unity Consultative Council မှ ၎င်းတို့၏ ပူးပေါင်းပါဝင်နေမှုများကို ရပ်ဆိုင်းထားကြောင်း Shan News က ဖော်ပြထားသည်။ အဆိုပါ ၃ ဖွဲ့နှင့် NUG နှင့် CRPH မှ ကိုယ်စားလှယ်များအကြား စေ့စပ်ညှိနှိုင်းမှုများရှိသော်လည်း နှစ်ဖက်စလုံးက သတင်းထုတ်ပြန်မှုကို ပြုလုပ်ကြခြင်း မရှိသေးပေ။ CDM ရဲတပ်ဖွဲ့ဝင်များကို စုစည်းပြီး CDM ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း NUG က အောက်တိုဘာလ ၇ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော KIA၊ KNU/KNLA၊ CNF၊ TNLA၊ KNPP နှင့် RCSS တို့သည် ပြည်တွင်းနိုင်ငံရေးပြောင်းလဲမှုအပေါ် အမြတ်ထုတ်၍ လူငယ်များအား အကြမ်းဖက်သင်တန်းများပေးခြင်း စစ်ရေးအမြတ်ယူခြင်းတို့အပြင် မူးယစ်ဆေးဝါးရောင်းချခြင်းနှင့် ပြည်ပအဖွဲ့အစည်းအချို့၏ ထောက်ပံ့ကြေးများ ရယူနေကြောင်း စစ်ကောင်စီ၏အာဘော်သတင်းစာ မြန်မာ့အလင်းတွင် စွပ်စွဲရေးသားထားသည်။ အောက်တိုဘာလ ၅ ရက်နေ့က ဆီဘောက်ဆာအတွင်းမှ သေနတ်နှင့် ဗုံးအများအပြားအား ဖမ်းဆီးရမိကြောင်း အဆိုပါလက်နက်များမှာ KIA ထုတ်လက်နက်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ Arakan Army ထံသို့ပို့ရန်ဖြစ်ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်ဟု Khit Thit ကဖော်ပြထားသည်။
စစ်ကောင်စီ ဖွဲ့စည်းထားသော အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) သည့် နိုင်ငံရေးပါတီတချို့နှင့် အောက်တိုဘာ ၉ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း RFA ကဖော်ပြထားသည်။ စစ်ကောင်စီဘက်က အစည်းအဝေးပါဝင်သည့် ပါတီများစာရင်းအား ထုတ်ပြန်ကြေညာခြင်းမပြုသေးပေ။
Comments
Post a Comment