၁၉-၂၁ အောက်တိုဘာ၊ ၂၀၂၁
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံတဝန်းရှိ အကျဉ်းထောင် အချုပ်ထောင် ၆ ခုမှ လွန်ခဲ့သည့် နှစ်ရက်အတွင်း ပြန်လွတ်လာသူ လူပေါင်း ၂၆၀၀ နီးပါးအထိရှိခဲ့သော်လည်း လွတ်မြောက်ပီးသူ ၁၁၀ ဦးအား ချက်ချင်း သို့မဟုတ် နာရီပိုင်းအကြာတွင် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးလိုက်ကြောင်း AAPP က ဖော်ပြထားသည်။ ယခုကဲ့သို့ပြန်လည်ဖမ်းဆီးရသည့် အကြောင်းအရာကို စစ်ကောင်စီက ရှင်းလင်းခြင်းမရှိသော်လည်း အများစုအား အခြားသောပြစ်မှုများကြောင့် ပြန်လည်ဖမ်းဆီးခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက မီဒီယာများကိုပြောဆိုသည်။ ထိုကဲ့သို့ပြန်လည်ဖမ်းဆီးသည့်လုပ်ရပ်သည် လူမဆန်သည့်လုပ်ရပ်ဖြစ်ပီး ဖမ်းဆီးခံရသူများနှင့် ၎င်းတို့၏မိသားစုဝင်များကိုပါ ပြင်းထန်သော စိတ်ဒဏ်ရာများရရှိစေကြောင်း လူမှုကွန်ယက်မီဒီယာတွင် ဝေဖန်နေကြသည်။
ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ဖေဖော်ဝါရီ ၁ ကတည်းက ဖမ်းခံထားရသူ ၈၈ တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးမှာ လွတ်မြောက်လာသူများထဲတွင် ပါဝင်လာခြင်း မရှိသည့်အပြင် ၎င်း၏ ကျန်းမာရေးအခြေအနေသည်အလွန်ဆိုးရွားနေပြီး အနာပိုးဝင်ခြင်းကြောင့် လမ်းမလျှောက်နိုင်ကြောင်း ၎င်း၏ ရှေ့နေက Myanmar Now ကိုပြောဆိုသည်။ Myanmar Journalist Network ၏ စာရင်းများအရ အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့က လွတ်မြောက်လာသူများတွင် သတင်းမီဒီယာသမားများ စုစုပေါင်း ၁၁ ဦး ပါဝင်ကြောင်း သိရသည်။
ချင်းပြည်နယ် ဖလမ်းမြို့ကထွက်ခွာလာသော အစီးရေ ၅၀ ခန့်ပါဝင်သော စစ်ယာဉ်တန်းက အောက်တိုဘာလ ၂၀ ရက်နေ့က ဟားခါးမြို့သို့ရောက်ရှိလာကြောင်း ဒေသခံများက လူမှုကွန်ယက်တွင် ရေးသားထားကြသည်။ ဟားခါး-ဖလမ်းလမ်းကြောတစ်လျှောက်တွင် CNF/CDF/CNDF အဖွဲ့များ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အဆိုပါစစ်ယာဥ်တန်းမှ စစ်ကား ၁၆ စီးခန့် ပျက်စီးခဲ့ပြီး တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြထားသည်။ အောက်တိုဘာ ၁၉ ရက်နေ့က ဟားခါး-ဖလမ်းကြား Ramthlo ကျေးရွာရှိ လူနေအိမ် ၁၀၀ ကျော်သည် အဆိုပါစစ်ယာဥ်တန်းမှ စစ်သားများ၏ ဖောက်ထွင်းမှုကိုခံခဲ့ရကြောင်း ကျေးရွာလူငယ်များက The Chin Journal ကို ပြောဆိုသည်။
အောက်တိုဘာ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော PDF များ၏ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ပြည်ထဲရေးဒုဝန်ကြီး ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သည် ဦးခေါင်း၌ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးခွင့်ယူခဲ့ရကြောင်း တပ်တွင်းသတင်းရင်းမြစ်များက News Ambassador ကိုပြောဆိုသည်။ အောက်တိုဘာလ ၂၀ ရက်နေ့က စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် KIA/PDF ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းသေဆုံးခဲ့ကြောင်း The 74 Media ကဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် (MNDAA) တပ်များ အကြားတိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ Multiple Launch Rocket System (MLRS) အသုံးပြု၍ တိုက်ခိုက်နေသည့် ဗီဒီယိုမှတ်တမ်းတစ်ခု လူမှုကွန်ယက်တွင် ပေါ်ထွက်လားသည်။ အောက်တိုဘာလ ၁၉ ရက် က ၎င်းတို့ နယ်မြေရှင်းလင်းရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း (၁၈) လောင်းနှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသည်ကြောင်း MNDAA က သတင်းထုတ်ပြန်ခဲ့သည်။ မွန်ပြည်နယ် ရေးမြို့နယ်တွင် KNU တပ်မဟာ ၆ ၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးတစ်ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့ပြီး စစ်တပ်မှ ၎င်းတို့၏ အလောင်းများအား လာရောက်ကောက်ယူခြင်းမရှိသေးကြောင်း Klo FM က ဖော်ပြထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet နှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan တို့တွေ့ဆုံမှုအတွင်း မြန်မာပြည်အကြောင်းဆွေးနွေးခဲ့ကြပြီး အာစီယံထိပ်သီးအစည်းအဝေးအပြင် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်သောအစည်းအဝေးများအားလုံးတွင် စစ်ခေါင်းဆောင်များအား တက်ရောက်ခွင့်မပြုရန် သဘောတူခဲ့ကြောင်း သိရသည်။ ထို့အပြင် ၎င်းအနေဖြင့် စစ်အာဏာပိုင်တွေရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေကို ကန့်သတ်ရန် နည်းလမ်းများကို စင်ကာပူဗဟိုဘဏ် ဒု-အုပ်ချုပ်မှုဒါရိုက်တာ Ms. Ho Hern Shin နှင့် တွေ့ဆုံချိန်တွင် ဆွေးနွေးခဲ့ကြောင်း Derek Chollet က ၎င်း၏လူမှုကွန်ယက်တွင် ရေးသားထားသည်။ ဗြိတိန်တွင် ကျင်းပမည့် G-7 ASEAN ဝန်ကြီးများအစည်းအဝေးတွင် စစ်ကောင်စီအား လူတိုင်ရာရောက်တက်ရောက်ခွင့်အား လက်မခံကြောင်း ယူကေအစိုးရက ထုတ်ပြန်ခဲ့သည်။
Comments
Post a Comment