၁၆-၁၈ အောက်တိုဘာ၊ ၂၀၂၁

 

အောက်တိုဘာလ ၁၈ ရက်နေ့က စစ်ကောင်စီသည် တရားစွဲဆိုခံထားရသူ ၄၃၂၀ ဦး၏ ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခဲ့သည်။ ထို့အပြင် ပစ်ဒဏ်ကျခံရပြီးသော နိုင်ငံရေးအကျဥ်းသား ၁၃၁၆ ကိုလည်း ပြန်လွတ်ပေးခဲ့သည်။ ၎င်းတို့ထဲတွင် ပုဒ်မ ၅၀၅ (က) ဖြင့် အရေးယူခံထားရသော အနုပညာရှင် ၂၄ ဦးနှင့် လူမှုကွန်ရက်တွင်ကျော်ကြားသူ ၁၀ ဦး၏ အမှုများလည်းပါဝင်သည်။ သို့သော် အကြမ်းဖက်မှု လက်နက်ကိုင်ဆောင်မှုများဖြင့် အရေးယူခံထားရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အထဲတွင် ပါဝင်လာခြင်းမရှိကြောင်းသိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သော မိန့်ခွန်းတွင် အာဏာသိမ်းခေါင်းဆောင်က အကြမ်းဖက်မှုများပိုမိုဖြစ်ပွားလာခြင်းသည် NUG/CRPH နှင့် ၎င်းတို့အားကူညီထောက်ပံ့နေသော EAO တချို့ကြောင့် ဖြစ်ကြောင်းအပစ်တင်လိုက်ပြီး အာစီယံအဖွဲ့အနေဖြင့် ၎င်းတို့ကိုလည်း ဖိအားပေးရန်လိုအပ်ကြောင်း ပြောဆိုခဲ့သည်။ အောက်တိုဘာ ၂၆ ရက်နေ့တွင် စတင်ကျင်းပမည့် အာစီယံထိပ်သီးအစည်းအဝေးမှ အာဏာသိမ်းစစ်ခေါင်းဆောင် ချန်လှပ်ခံခဲ့ရသော်လည်း ၎င်းတို့အနေဖြင့် အာစီယံအဖွဲ့မှ နှုတ်ထွက်ရန်မရှိကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက BBC ကိုပြောဆိုခဲ့သည်။

အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်တွင် NUG/CRPH တို့နှင့် ပတ်သက်မှုမရှိကြောင်း နိုင်ငံရေးမလုပ်ကြောင်း စစ်ကောင်စီထံတွင် ခံဝန်ကတိလက်မှတ် ရေးထိုးထားသော အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးရှိကြောင်း Than Lwin Times က ဖော်ပြထားသည်။ Myanmar Now ၏ ယခင်ဖော်ပြချက်အရ NLD လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ခံဝန်လက်မှတ်ရေးထိုးထားသော အမတ်ပေါင်း ၁၀၀ ခန့်ရှိကြောင်း သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ ခလရ ၅၈ တပ်ရင်းမှ စစ်ကောင်စီ စစ်သားများ၏ ဇနီးသည်များသည် ဌာနချုပ်အနီးရှိ ၎င်းတို့၏အမျိုးသားများ ထောင်ထားသည့်မိုင်းနင်းမိ၍ ၃ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း Kachinwaves က ဖော်ပြထားသည်။ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီကားတစ်စီးအား KNU တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့သဖြင့် တပ်ရင်းမှူး၏ ဇနီးသည်အပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Salween News က ဖော်ပြထားသည်။ KNU တပ်မဟာ (၅) သို့ အင်အားဖြည့်တင်းရန်သွားရောက်သည့် စစ်ကောင်စီတပ်ဖွဲ့၀င်မှ ဗိုလ်မှူး (၁) ဦး အပါအ၀င် တပ်သား စုစုပေါင်း (၇)ဦး ၎င်းတို့၏ ချုံခိုတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ကြောင်း KNU က အောက်တိုဘာလ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

နာမည်ဆိုးဖြင့်ကျော်ကြားသော ရဲချုပ်သန်းလှိုင်၏ ယာဉ်တန်းအား အောက်တိုဘာလ ၁၆ ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် PDF မဟာမိတ် ၁၃ ဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။ တိုက်ခိုက်မှုကြောင့် ရဲ ၁၂ ဦးသေသည်ဟုပြောဆိုသော်လည်း Mizzima က အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဖော်ပြထားသည်။ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် ကောလင်း PDF က စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် ဘီယာများအား တင်ဆောင်လာသည့် ယာဥ်များအား တားဆီးပြီး ကုန်ပစ္စည်းအားလုံးကို ဖျက်ဆီးလိုက်ကြောင်း ကောလင်း PDF က သတင်းထုတ်ပြန်ခဲ့သည်။ 

ချင်းပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် စားနပ်ရိက္ခာများ ဖြတ်တောက်ခံထားရတဲ့ စစ်ဘေးရှောင်များထံသို့ ကုလသမဂ္ဂက လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရေး အခက်အခဲတွေရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက အောက်တိုဘာလ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ မင်းတပ်မြို့ရှိ စစ်ရှောင်စခန်း ၁၀ ခုက နေရပ်စွန့်ခွာသူများထံကို အကူအညီများပေးအပ်နိုင်ခဲ့သော်လည်း အခြားဒေသရှိ စစ်ဘေးရှောင်စခန်းများထံ အကူအညီများပေးနိုင်ရေး အခက်အခဲဖြစ်နေကြောင်းဖော်ပြထားသည်။ မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင် ၁၅၀၀၀ ကျော်ရှိပြီး စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် သေဆုံးသူများရှိနေကြောင်းလည်းသိရသည်။ မြန်မာနိုင်ငံတွင် ကြုံတွေ့နေတဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၏ မူဝါဒဆိုင်ရာ အကြံပေး အတိုင်ပင်ခံ Derek Chollet ကဦးဆောင်သောအဖွဲ့တစ်ဖွဲ့အား အာစီယံနိုင်ငံများဆီသို့ ရှေ့လာမယ့်သီတင်းပတ်တွင် စေလွှတ်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားသည်။

Comments

Popular Posts