၅-၆ အောက်တိုဘာ၊ ၂၀၂၁
စစ်ဘေးဒဏ်ခံနေရသော ဒေသများမှ ကလေးသူငယ်များသည် စားနပ်ရိက္ခာရှားပါးမှုဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားနေရပြီး အာဟာရချို့တဲ့ခြင်းကြောင့် သေဆုံးသူများပင်ရှိနေကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြကြသည်။ စစ်ကောင်စီတပ်များ၏ ပိတ်ဆို့မှုခံနေရသော ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများအပါအဝင် ကျေးရွာနေလူထု ၁၀၀၀၀ ကျော်သည် စားနပ်ရိက္ခာနှင့် ဆေးဝါးများပြတ်တောက်သည့် ဒုက္ခကြုံတွေ့နေရကြောင်း လသားအရွယ်ကလေးငယ်အပါအဝင် ကလေးငယ်အချို့ အာဟာရချိူ့တဲ့ခြင်း ရောဂါပိုးဝင်ခြင်းတို့ကြောင်း သေဆုံးနေရကြောင်း ၎င်းတို့အား ကူညီပေးနေသော စေတနာ့ဝန်ထမ်းများက Mizzima ကိုပြောဆိုသည်။ ပြီးခဲ့သည့် ၅ လအတွင်း စစ်ဘေးရှောင်ရင်းသေဆုံးသော ပြည်သူ အယောက် ၃၀ ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
Save the Children အဖွဲ့၏ ကြေညာချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံအနှံ့အပြားတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ ၂၀၆၀၀၀ အနက် ၇၆၀၀၀ ကျော်သည် ကလေးသူငယ်များဖြစ်ကြောင်း သိရသည်။ မိသားစုအများအပြားသည် တနေ့ထမင်းတနပ်သာ စားနေရကြောင်း ကယားပြည်နယ်တွင် ကလေးငယ် ၂၉၀၀၀ အပါအဝင် လူပေါင်း ၇၉၀၀၀ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း အစာရေဆာငတ်မွတ်မှုကြောင့် လူအများအပြားသေဆုံးမှုဖြစ်လာနိုင်ကြောင်းလည်း ကုလသမဂ္ဂလူ့အခွင့်အရေးအထူးသံတမန် သတိပေးထားကြောင်း Irrawaddy ကဖော်ပြထားသည်။
နေပြည်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးအနီးရှိ မှုခင်းတပ်ဖွဲ့ဌာနချုပ်ရုံးတွင် အောက်တိုဘာ ၅ ညနေပိုင်းက ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ဒုတိယရဲမှူးကြီးဇော်သန်း ဆိုအပါအဝင် ရဲဝန်ထမ်းလေးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ ထို့အပြင် နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနပိုင် ဝန်ထမ်းကြိုပို့ယာဉ်တစ်စီးလည်း ဗုံးဖောက်တိုက်ခိုက်မှုခံခဲ့ရသည်။
စီမံခန့်ခွဲမှုညံ့ဖျင်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံထားရသော အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်သည် စစ်ကြောရေးတွင် လက်လွန်ပြီး သေဆုံးသွားကြောင်း ၎င်း၏မိသားစုနှင့်နီးစပ်သူများက DVB ကိုပြောဆိုသည်။ ၎င်းတာဝန်ယူထားသော ချင်းပြည်နယ် စစ်ကိုင်းတိုင်း မကွေးတိုင်းတို့တွင် ပြည်သူ့ကာကွယ်ရေးတပ်များ အင်အားကောင်းမွန်လာခြင်းကြောင့် နယ်မြေများဆုံးရှုံးရခြင်း စစ်ကောင်စီတပ်များသေဆုံးခြင်းနှင့် အုပ်ချုပ်ရေးမှူးအများအပြား နှုတ်ထွက်ခြင်းတို့ကို ကြုံတွေ့နေရသည်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးရှိ အာရှလမ်းမကြီးပေါ်တွင် အောက် တိုဘာလ ၁ ရက်နေ့က DKBA-ခွဲထွက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သော ကော့ကရိတ်အခြေစိုက် အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ G-1 ဒုဗိုလ်မှူးကြီးကျော်စွာမျိုးသည် အောက်တိုဘာ ၆ ရက်နေ့က သေဆုံးသွားကြောင်း Khit Thit ကဖော်ပြထားသည်။
အောက်တိုဘာ ၄ ရက်နေ့က စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁၂ ဦး တစ်ပြိုင်တည်း နုတ်ထွက်သွားကြောင်း နောက်ထပ် အယောက် ၃၀ လည်း နှုတ်ထွက်ရန်ပြင်ဆင်နေကြောင်း Khit Thit ကဖော်ပြထားသည်။ ထို့အပြင် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင်လည်း PDF ထံတွင် CDM ပြုလုပ်သူ ရဲ ၂၀ ရှိကြောင်း မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးအားလုံးနီပါး နုတ်ထွက်ခိုင်းထားပြီကြောင်း ဒေသခံ PDF က Khit Thit ကိုပြောဆိုသည်။ မကွေးတိုင်း ရေစကြိုမြို့နယ်တွင်လည်း အုပ်ချုပ်ရေးမှူး ၈၉ ဦးရှိသည့်အနက် အုပ်ချုပ်ရေးမှူး ၃၉ ဦးမှာ တရားဝင် နုတ်ထွက်သွားပြီး ကျန်ရှိသော အုပ်ချုပ်ရေးမှူးများမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း Irrawaddy ကဖော်ပြထားသည်။ အလားတူပင် ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၂၀ ဦး စစ်ကောင်စီထံတွင် တစ်ပြိုင်တည်းနုတ်ထွက်စာတင်ထားကြောင်း Khayan Channel ကဖော်ပြထားသည်။
ဖမ်းဆီးခံထားရသော အမေရိကန်ဂျာနယ်လစ် Danny Fenster အား စစ်အုပ်စုက ပုဒ်မ ၅၀၅-က အပြင် မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် ထပ်မံအမှုဖွင့်လိုက်ကြောင်း Burma Associated Press ကဖော်ပြထားသည်။ ၎င်းသည် ထောင်အတွင်း ကိုဗစ်ကူးစပ်ခံထားရသဖြင့် နေမကောင်းဖြစ်နေကြောင်း ကိုဗစ်ကာကွယ်ရေးထိုးနှံ့ခံရခြင်းလည်းမရှိကြောင်း သတင်းဌာနများကဖော်ပြထားသည်။ ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်နေသော မြန်မာလူမျိုးအများအပြားအဖမ်းခံနေရပြီး လွန်ခဲ့သည့် နှစ်လအတွင်း ထိုင်းနိုင်ငံထဲ တရားမဝင်ခိုးဝင်မှုကြောင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား 5000 ကျော်ရှိနေကြောင်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား ကူညီပံ့ပိုးပေးနေသော Ye Min က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။
Comments
Post a Comment