၃၀-၃၁ အောက်တိုဘာ၊ ၁-၂ နိုဝင်ဘာ၊ ၂၀၂၁

 

စစ်ကောင်စီ ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ Kachin Peace-Talk Creation Group (PCG) နှင့် ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ကိုယ်စားလှယ်များ နိုဝင်ဘာလ ၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း PCG ၏ ကိုယ်စားလှယ်တစ်ဦက BBC ကို ပြောဆိုခဲ့သည်။ အဆိုပါအဖွဲ့နှစ်ဖွဲ့သည် ကချင်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော KIO နှင့်စစ်တပ်တို့အကြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရာတွင် ကြားခံဆောင်ရွက်ပေးလေ့ရှိသော အဖွဲ့များဖြစ်သည်။

စစ်ကောင်စီအဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုရားကျောင်း နှစ်ခုအပါအဝင် နေအိမ် ၁၆၄ လုံးခန့် မီးလောင်ပျက်စီးခဲ့သော ထန်တလန်မြို့ ဖြစ်စဥ်အတွက် လက်တုံ့ပြန်သည့်အနေဖြင့် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အောက်တိုဘာလ ၃၁ ရက်နေ့က ခြုံခိုက်တိုက်ခိုက်ခဲ့ကြောင်း စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း CDF-Mindat က ထုတ်ပြန်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီနှင့် ဆက်စပ်နေသော ယခင်စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်း၏ သားပိုင်ဆိုင်သော Omni Focus ယာဥ်လိုင်းကိုလည်း မင်းတပ်ဖြစ်ရပ်အတွက် လက်တုံ့ပြန်သည့်အနေဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပျောက်ကြားကာကွယ်ရေးတပ်၏ Kamaryut Information ကို ပြောဆိုခဲ့သည်။

ထန်ထလန်မြို့အား စစ်တပ်က ဖျက်ဆီးမှုအား ရှုံ့ချကြောင်း ချင်းပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသော KIO AA၊ MNDAA နှင့် TNLA တို့က ထုတ်ပြန်ကြေညာခဲ့သည်။ ချင်းပြည်နယ်အတွင်း ဖြစ်ခဲ့တဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးမှုနှင့် မင်းတပ်မြို့အတွင်း စစ်ကောင်စီတပ်သားများ၏ ဖျက်ဆီးမှုများသည် ချင်းလူမျိုးများအပေါ် စစ်တပ်က လူမျိုးတုံးသတ်ဖြတ်သော စစ်ပွဲဆင်နွဲနေခြင်းဖြစ်ကြောင်း NUG ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ချင်းလူမျိုးဖြစ်သူ ဒေါက်တာလျန်မှုန်းဆာခေါင်းက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ထန်တလန်မြို့ရှိနေအိမ်များလောင်ကြွမ်းခြင်းသည် ဒေသခံ CDF များက စစ်ကောင်စီအားအပြစ်ဖို့ရန် ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာလ ၂၉ နေ့ကထိ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင် ထွက်စာတင်ထားသော အုပ်ချုပ်ရေးမှုး ၁၇ ယောက်ခန့်ရှိကြောင်း Irrawaddy က ဖော်ပြထားသည်။ နိုဝင်ဘာလ ၁ ရက်နေ့က အာဏာသိမ်းခေါင်းဆောင်သည် ရန်ကုန်မြို့တွင် အနုပညာအချို့နှင့်တွေ့ဆုံခဲ့ပြီး ငွေကျပ် သိန်း ၄၀၀၀ နှင့်အတူ ရိက္ခာများပေးအပ်ခဲ့ကြောင်း DVB က ဖော်ပြထားသည်။ စစ်တပ်သည် နာမည်ကျော်ကြားနေသူများအား ငွေကြေးပေး၍ စည်းရုံးနေခြင်းဖြစ်ကြောင်း အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်သော အနုပညာရှင်များအား လူမှုကွန်ယက်အသုံးပြုသူများက ဝေဖန်နေကြသည်။

နိုဝင်ဘာလ ၁ ရက်နေ့က မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်တွင် လျှပ်စစ်မီတာအခွန်ပေးသွင်းရန် ကြေညာနေသော စစ်တပ်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတဦးအား Dragon Kyaukse Defense Force (DKDF) အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် ပျူစောထီးခေါင်းဆောင်နှင့် အဖွဲ့အား အမည်မသိအဖွဲ့တစ်ဖွဲ့က ပစ်ခတ်ခဲ့သဖြင့် နှစ်ဦးသေဆုံးပီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ တနင်္သာရီတိုင်းတွင်လည်း ပြည်သူ့စစ် ခေါင်းဆောင်တစ်ဦး၏ နေအိမ်မီးရှို့ခံရပြီးနောက် ၎င်းအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။

နိုဝင်ဘာ ၁ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်သားများ၏ သားသမီးများနှင့် စစ်တပ်အတွင်းရှိ ဝန်ထမ်းများစုပေါင်းကာ စစ်တပ်ထောက်ခံပွဲကို ကျင်းပခဲ့ကြကြောင်း Western News က ဖော်ပြထားသည်။ Covid ကူးစပ်မှုကြောင့် လူစုလူဝေးများပြုလုပ်ခြင်းမရှိရန် လူ ၅ ဦးနှင့်အထက် စုစည်းခြင်းမပြုရန် စစ်တပ်က အမိန့်ထုတ်ထားသော်လည်း စစ်တပ်ထောက်ခံမှု ဆန္ဒပြပွဲများကိုမှု ကျင်းပခွင့်ပေးနေခြင်းကို လူမှုကွန်ယက်အသုံးပြုသူများက ဝေဖန်နေကြသည်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရိုဟင်ဂျာအဖွဲ့ဖြစ်သော ARSA နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ အောက်တိုဘာလ ၃၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Development Media Group က ဖော်ပြထားသည်။ 

အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာသံတမန်ဟောင်း ဘေလ်ရစ်ချက်ဆန်သည် မြန်မာနိုင်ငံသို့ရောက်ရှိနေပြီး နိုဝင်ဘာလ ၂ ရက်နေ့က အာဏာသိမ်းခေါင်းဆောင်နှင့် နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းသည် မြန်မာ့အရေးစိတ်ဝင်စားသော အမေရိကန်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးများ လှူဒါန်းရန်နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရေး အစီအစဉ်များအတွက် စစ်ကောင်စီနှင့် လာရောက်တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက BBC ကိုပြောဆိုခဲ့သည်။

Comments

Popular Posts