၃-၆ နိုဝင်ဘာ၊ ၂၀၂၁

 

မြန်မာပြည်အနှံ့တွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား ပိုမိုပြင်းထန်လာနေပြီး စစ်ကောင်စီတပ်ဖွဲ့အများအပြား သေဆုံးနေကြောင်း ပြည်တွင်းသတင်းမီဒီယာများနှင့် ကာကွယ်ရေးတပ်များ၏ လူမှုကွန်ယက်မီဒီယာများတွင် ဖော်ပြထားသည်။ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ဒေသခံ PDF တို့ ၂ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅၀ ဦးခန့် သေဆုံးခဲ့ကြောင်း Kachin News က ဖော်ပြထားသည်။ အဆိုပါတိုက်ပွဲဖြစ်ပွားရာအနီးတဝိုက်မြို့နယ်များတွင် စစ်ကောင်စီသည် တပ်အင်အား ၇၀၀ ခန့် တပ်ဖြန့်ထားကြောင်းလည်းသိရသည်။ 

အောက်တိုဘာလအတွင်း KNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၂၇၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၇၁ ဦး သေဆုံးက ၂၆၆ ဦး ဒဏ်ရာရကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။ အဆိုပါတိုက်ပွဲများအတွင်း KNLA နှင့် KNDO ဘက်မှ ၂ ဦးကျဆုံးကာ ထိခိုက်ဒဏ်ရာရသူပေါင်း ၂၀ ရှိကြောင်းသိရသည်။ နိုဝင်ဘာလ ၄ ရက်နေ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် တိုက်ပွဲ ၂ နေရာဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သား ၂၅ ဦးခန့် သေဆုံးခဲ့ကြောင်း မင်းတပ် CDF ၏ ပြောရေးဆိုခွင့်ရှိသူက ၎င်း၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။ 

နိုဝင်ဘာလ ၅ ရက်‌နှင့် ၆ ရက်နေ့က ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာမြို့နှင့် ဟားခါးမြို့တို့တွင်လည်း စစ်ကောင်စီတပ်စခန်းများအား ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့် Chin National Army တို့က တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီ ၂၀ ဦးခန့်သေဆုံးခဲ့ကြောင်း ချင်းပြည်နယ်အခြေစိုက် သတင်းမီဒီယာများက ဖော်ပြထားသည်။ နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်တွင် ကင်းလှည့်နေသော စစ်ကားတစီးတိုက်ခိုက်ခံရသဖြင့် ၇ ဦးသေးဆုံးပြီး ၁၃ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ထံထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်တွင် TNLA SSPP ပူးပေါင်းတပ်ဖွဲ့နှင့် RCSS တို့ နိုဝင်ဘာလ ၅ ရက်နေ့က ပြင်းထန်သောတိုက်ပွဲများဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း RCSS ဘက်က ၂၀ ကျော်သေဆုံးပြီး တပ်သားအများအပြားဖမ်းဆီးခံခဲ့ရကြောင်း တပ်စခန်း ၇ ခုခန့် ဆုံးရှုံးခဲ့ကြောင်း လူမှုကွန်ယက်တွင် သတင်းများထွက်ပေါ်နေသည်။ နိုဝင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးခံထားရသော ကျောင်းသားတပ်မတော် ABSDF ၏ အဖွဲ့ဝင်လေးဦးအား စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ကြောင်း Salween News ကဖော်ပြထားသည်။ အာဏာရှင်အားတော်လှန်မည်ဖြစ်ကြောင်း ABSDF က နိုဝင်ဘာလ ၁ ရက်နေ့တွင် ကြေညာပြီးနောက် မြဝတီမြို့ရှိ ရုံးတွင် ၎င်းတို့လေးဦးဖမ်းဆီးခံရခြင်းဖြစ်သည်။ 

စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်များ ထုတ်ပေးထားသော ပျူစောထီးအဖွဲ့၀င် ၃၇ ဦး၏ အမည်စာရင်းများကို Death Note Tamu အဖွဲ့က နိုဝင်ဘာ ၄ရက်တွင် ထုတ်ပြန်ခဲ့သည်။ စစ်တပ်သည် ၎င်းခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးများကိုလည်း လက်နက်များထုတ်ပေးထားကြောင်း ကောလဟလများလည်း ထွက်ပေါ်နေသည်။ နိုဝင်ဘာ ၅ နေ့က မန္တလေးမြို့ရှိ နာမည်ကျော် မြင့်မြင့်ခင်ထိုးမုန့်လုပ်ငန်းအား ပိုင်ရှင်သူအား PDF များအား ထောက်ပံ့သည်ဆိုတဲ့ စွပ်စွဲချက်ဖြင့် ၎င်း၏နေအိမ်တွင် စစ်တပ်နှင့်ရဲများက ဖမ်းဆီးလိုက်ကြောင်း BBC က ဖော်ပြထားသည်။

စစ်ကောင်စီခန့်အပ်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှပြုလုပ်မည့် PR နှင့်ပတ်သက်သော ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၉၃ ပါတီအနက် ပါတီ ၅၀ကျော်က တက်ရောက်ရန်စာရင်းပေးထားကြောင်း Popular News က ဖော်ပြထားသည်။ အဆိုပါအစည်းအဝေးအား ရခိုင့်ဦးဆောင်ပါတီ AFP တက်ရောက်မည်ဖြစ်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အများအပြားအနိုင်ရရှိခဲ့သော ရခိုင်အမျိုးသားပါတီ ANP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီတို့က တက်ရောက်မည်မဟုတ်ကြောင်း အဆိုပါပါတီမှတာဝန်ရှိသူများက Western News ကိုပြောဆိုခဲ့သည်။

နိုဝင်ဘာ ၄ ရက်နေ့က စစ်တပ်ပိုင် Mytel ကုမ္ပဏီအကြီးအကဲ Chief Financial Officer ဗိုလ်မှူးဟောင်း သိန်းအောင်နှင့် ဇနီး ဒေါက်တာသိမ့်အောင်သူတို့သည် ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်အနီးတွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သိန်းအောင်သည် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Mytel ကုမ္ပဏီ၏ CDM ဝန်ထမ်းများက Myanmar Now ကို ပြောဆိုသည်။ ၎င်းအား PDF များက လုပ်ကြံခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်းဘဲ ၎င်းသည်စစ်တပ်၏ အရေးကြီးသောသူဖြစ်သောကြောင့် စစ်တပ်ခေါင်းဆောင်များ အချင်းချင်း လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

မြန်မာနိုင်ငံတွင် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် စစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူရန် အရပ်ဘက်အဖွဲ့အစည်း ၅၂၁ ခု စာရေးသားတောင်းဆိုလိုက်သည်။ ဖေဖော်ဝါရီလ ၁ ရက်နေမှ နိုဝင်ဘာလ ၃ ရက်နေ့အထိ စစ်ကောင်စီကြောင့် လူပေါင်း ၁၂၃၆ ဦးကို သတ်ဖြတ်ခံရကာ ပြည်သူပေါင်း ၉၆၆၇ ဦး မတရားဖမ်းဆီးထိန်းသိမ်းထားရကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။ 

IMF ၏ ပြောရေးဆိုခွင့်ရှိသူ Gerry Rice က ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအတွက် အာဏာသိမ်းမှုမတိုင်ခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လွှဲပြောင်းပေးပို့လိုက်သော အမေရိကန်ဒေါ်လာ ၃၇၂ သန်းသည် လက်ရှိစစ်ကောင်စီလက်ထဲတွင် ပျောက်ဆုံးနေသည်ဟု နိုဝင်ဘာ ၃ရက်က ပြောဆိုခဲ့ကြောင်း the Diplomat က ဖော်ပြထားသည်။ သို့သော် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ၎င်းတို့အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိရှိ ပွင့်လင်းမြင်သာစွာ သုံးစွဲနေသော်လည်း IMF အနေဖြင့် ၎င်းတို့အား အထင်မြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ခြင်းဖြစ်သည်ဟု တုံ့ပြန်ခဲ့ကြောင်း Popular News က ဖော်ပြထားသည်။

Comments

Popular Posts